
ဧရာဝတီတိုင်း၊ ကျိုတ်လတ်မြို့နယ်၊ သာယာဝဲကျေးရွာမှာ ဇန်နဝါရီ ၂၉ ရက်က စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်နေရသူတွေကို ထောက်ပံ့ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လောင်းကစားဝိုင်းတွေကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျိုတ်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ မြို့နယ်ဥက္ကဋ္ဌ မင်းအောင်၊ စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူး သက်ဝေနိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနဲ့ နယ်ထိန်းရဲတပ်ကြပ်ကြီး ဇော်မင်းထွန်းတို့ကို လိုင်းကြေးပေးပြီး တရားဝင်ပုံစံမျိုး အာဝါဒေးပွဲ ပြုလုပ်နေတာလို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ သာယာဝဲ ဒေသခံတယောက်က “သာယာဝဲ ကျေးရွာအုပ်ချုပ်ရေးမှူး မျိုးဦးနဲ့ သူတို့အဖွဲ့ဝင်တွေက စစ်မှုထမ်းရန်ပုံငွေအတွက် ကျိုတ်လတ်မြို့နယ် သာယာဝဲကျေးရွာမှာ လွတ်လွတ်လပ်လပ် ဆော့ကစားလို့ရတယ်ဆိုပြီး လောင်းကစားသမားတွေကို လိုက်စုပေးတယ်။ အာဝါဒေးပွဲမှာ စားသောက်ဆိုင်ခန်းတွေကိုပါ အခကြေးငွေယူပြီး ပွဲကျင်းပနေတယ်” လို့ DVB ကို ပြောပါတယ်။
စစ်မှုထမ်းရန်ပုံငွေ ခေါင်းစဥ်နဲ့ ခြောက်ကောင်ဂျင်၊ အန်ဂလုံး၊ ကြက်ဝိုင်း၊ ဖဲဝိုင်းတွေ ထည့်သွင်းထားပြီး လောင်းကစားဝိုင်းတွေကို တခြားကျေးရွာတွေက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါ လာရောက် ဆော့ကစားကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လလောက်က ဧရာဝတီတိုင်း မအူပင်မြို့အခြေစိုက်ဖြစ်တဲ့ ခလရ ၂၇ တပ်အနီးက ညောင်ဝိုင်းကျေးရွာမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ခလရ ၂၇ တပ်ရင်းက အရာရှိတွေ၊ မော်တော်ယာဥ်ဥက္ကဋ္ဌတွေ၊ လောင်းကစားသမားတွေနဲ့ ကြက်ဝိုင်း ဖဲဝိုင်းတွေ အလွန်အကျွံ ပြုလုပ်ခဲ့တာကြောင့် ပုသိမ် အထူးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မအူပင်မြို့ခံတွေဆီက သိရပါတယ်။