
အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ စစ်တပ်ရဲ့ ရာဇ၀တ်မှု ကျူးလွန်တာကို ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ တရားမဲ့ အနိုင်ကျင့် သတ်ဖြတ်ခံရမှု တွေအတွက် သဘောထားထုတ်ဖော်ခြင်း အစီအစဉ်တွေ ပြုလုပ်သွားဖို့ ရှိပါတယ်။
ဒီအစီအစဉ်မှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အပါအဝင် အဖွဲ့ပေါင်း ၂၀ ကျော် ပါဝင်ကြမှာ ဖြစ်ပြီး သဘောထား ကြေငြာချက်ကို ညနေ ၄ နာရီ မြို့တော်ခန်းမရှေ့မှာ သတင်းမီဒီယာနဲ့ ပြည်သူတွေကို အသိပေး ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
ကိုပါကြီးဟာ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က မွန်ပြည်နယ်မှာ ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းကို လိုက်ပြီးအပြန် ကျိုက်မရောမြို့ပေါ်မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာကနေ အသေဖမ်းမိတယ် လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
သတင်းမထုတ်ပြန်ခင် ရက်ပိုင်း ဇနီးဖြစ်သူက သူ့ကို ဖမ်းထားတဲ့ ၂၀၈ တပ်ရင်းကို သွားရောက်မေးမြန်းခဲ့သလို အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှာလည်း သွားရောက်စုံစမ်းခဲ့တဲ့အခါ တွေ့ခွင့်ပေးမယ်လို့ ပြောခဲ့ပြီး နောက်ပိုင်းမှာမှ သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။
ဦးပါကြီးဟာ ၈ လေးလုံး အရေးတော်ပုံ ကာလမှာ သုံးရောင်ခြယ်လူငယ်အဖြစ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အနီးကပ် လုံခြုံရေးကို တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။











