DVB Logo
Home
မြန်မာသတင်း
ဆိပ်ဖြူတွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၅ ဦးသေဆုံး
DVB
·
January 28, 2025
ဆိပ်ဖြူတွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၅ ဦးသေဆုံး
Donate to DVB

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေး-မြိုင်မြို့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကပစ ၂၂ ကနေ ပစ်လိုက်တဲ့ ၁၂၀ မမ ဟောင်ဝစ်ဇာကျည်က ကင်မွန်းတောင့်ရွာထဲကို ကျပြီးတော့ ကလေးသူငယ်တွေ အပါအဝင်ပေါ့ ပြည်သူ ၅ ဦး နေရာမှာတင် ဆုံးသွားတယ်။ ၃ ဦးလည်း အပြင်းအထန် ဒဏ်ရာတွေရကြတယ်။ ကပစ ၂၂ နဲ့ အခု ကင်မွန်းတောင့်ရွာက ၁၀ မိုင်ကျော်လောက် ဝေးပါတယ်ဗျ” လို့ ပြောပါတယ်။

အဆိုပါ လက်နက်ကြီးကျည်ဟာ ကင်းမွန်တောင့်ကျေးရွာက ဒေါ်ရွှေကျင်ရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၈၀ အရွယ် ဒေါ်ရွှေကျင်၊ အသက် ၆၅ နှစ်အရွယ် ဦးမြင့်နိုင်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်သန်းနွဲ့တို့ အပါအဝင် အမြွှာညီအစ်ကို ကလေးသူငယ်တွေဖြစ်ကြတဲ့ အသက် ၅ နှစ်အရွယ် မောင်သုခမင်းနဲ့ မောင်သုခဝင်းတို့ သေဆုံးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အသက် ၄၀ အရွယ် မမြင့်မြင့်စိုး၊ အသက် ၂၅ နှစ်အရွယ် မောင်ဖိုးပိန်နဲ့ အသက် ၉ နှစ်အရွယ် မဝိုင်းပြည့်ဖူး တို့ဟာလည်း အပြင်းအထန် ဒဏ်ရာတွေ ရရှိသွားခဲ့ကြလို့ အရေးပေါ် ဆေးကုမှုတွေ ခံယူနေကြရတယ်လို့ သိရပါတယ်။

ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်‌ကြားရေးတာဝန်ခံ ကိုသူရိန်က “ကင်ပွန်းတောင့်ရွာက ဆိပ်ဖြူမြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာ ရှိတယ်။ ရွာကြီးတရွာဖြစ်တယ်ဗျ။ ကင်းမွန်းတောင်ရွာ ကွက်သစ်ဘက်က ဒေါ်ရွှေကျင် အိမ်ပေါ်ကို တည့်တည့်ကျတာ။ တိုက်ပွဲဖြစ်တာမရှိဘူး။ နောက်ပြီး အဲဒီရွာဘက်မှာ PDF စခန်းတွေလည်း ရှိတာမဟုတ်ဘူး။ အခု ထိခိုက်သေဆုံးသူတွေက မိသားစု၀င် ဆွေမျိုးသားချင်းတွေလို့ သိရတယ်ဗျ။ စစ်ကောင်စီတပ်က အကြောင်းမဲ့သက်သက် အရပ်သားပြည်သူတွေနေတဲ့ ရွာထဲကို ပစ်လိုက်တဲ့သဘော ဖြစ်တယ်။ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေတော့ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးခဲ့ပြီးပါပြီ။ ရွာသားတွေကတော့ သူတို့ရွာထဲကို နောက်ထပ် ကျည်တွေကျလာမှာ စိုးရိမ်နေကြတာပေါ့ဗျာ” လို့ DVB ကို ပြောပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအများစုကို သိမ်းပိုက်ရရှိပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ မကွေးတိုင်းအတွင်းက သူတို့လက်အောက်ခံ ကပစ စက်ရုံတွေမှာ လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားနေသလို အဆိုပါ ကပစ စက်ရုံတွေ ကနေလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေယာဉ်သံနဲ့ လက်နက်ကြီးပစ်ခတ်သံတွေကြားရင် ဗုံးခိုကျင်းတွေနဲ့ ဗုံးဒဏ်ခံနိုင်မယ့် နီးစပ်ရာ အကာအကွယ်ရှိရာ နေရာတွေကို အလျင်အမြန် ပြောင်းရွှေ့နေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာလည်း ကပစ ၂၂ က စစ်ကောင်စီ လက်အောက်ခံတွေဟာ ဆိပ်ဖြူမြို့နယ်ထဲက ဖက္ကနားကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ လူနေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013