DVB Logo
Home
မြန်မာသတင်း
သွင်းကုန် ပို့ကုန် အခွန်ကို ဗဟိုဘဏ်ရည်ညွှန်းနှုန်းအတိုင်း ပြန်ကောက်မည်
DVB
·
January 27, 2025
သွင်းကုန် ပို့ကုန် အခွန်ကို ဗဟိုဘဏ်ရည်ညွှန်းနှုန်းအတိုင်း ပြန်ကောက်မည်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ဦးစီးဌာနက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်ကစပြီး သွင်းကုန်နဲ့ ပို့ကုန် အခွန်‌တွေကို ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ရည်ညွှန်းငွေလဲနှုန်း (Reference Rate) ကို အခြေခံပြီး ပြန်လည်တွက်ချက် ကောက်ခံမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

သွင်းကုန် ပို့ကုန် အခွန်တွေကို တွက်ချက်ရာမှာ ဗဟိုဘဏ်ရည်ညွှန်းဈေးအစား ဗဟိုဘဏ်ရဲ့ အွန်လိုင်းဈေးကွက်က ဈေးနှုန်းကို အခြေခံတဲ့ ဈေးကွက်ငွေလဲနှုန်း (Market Trading Rate) နှုန်းကို ပြောင်းလဲအသုံးပြု တွက်ချက်ကောက်ခံပြီး သုံးပတ်ကျော်အကြာမှာ အခုလို မူဝါဒကို ပြန်လည် ပြင်ဆင်လိုက်တာပါ။

စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာ အမှတ် (၉၀/၂၀၂၄) ကို အမိန့်ကြော်ငြာစာ အမှတ် (၈/၂၀၂၅) နဲ့ ပြောင်းလဲ ပြင်ဆင်လိုက်တာပါ။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂၄ ရက်အထိ ပြောင်းလဲကောက်ခံခဲ့တဲ့ နှုန်းထားတွေဟာ နိုင်ငံခြားငွေကြေးတွေအလိုက် ဗဟိုဘဏ်ရည်ညွှန်းဈေးထက် ၇၀ ရာခိုင်နှုန်းဝန်းကျင် ပိုများခဲ့ပါတယ်။

အခုလာမယ့် ဇန်နဝါရီ ၂၆ ရက်ကနေ ဖေဖော်ဝါရီ ၁ ရက်အထိ အကောက်ခွန်တွက်ချက်ရာမှာ အသုံးပြုမယ့် နိုင်ငံခြားငွေလဲနှုန်းကတော့ ဒေါ်လာဈေးကို ၂,၁၀၀ ကျပ်နှုန်း၊ ယူရိုကို ၂,၁၅၅ ဒသမ ၄၀၂ ကျပ်၊ ထိုင်းဘတ်ကို ၆၀ ဒသမ ၅၄၄ ကျပ်၊ အိန္ဒိယ ရူပီးကို ၂၄ ဒသမ ၂၉၂ ကျပ်၊ တရုတ်ယွမ်ကို ၂၈၆ ဒသမ ၄၂၄ ကျပ် စသဖြင့် ပြန်လည်လျှော့ချ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

အရင်တကြိမ် ငွေလဲနှုန်းကို ဈေးကွက်နှုန်းနဲ့ ပြောင်းလဲတွက်ချက် ကောက်ခံဖို့ ဆုံးဖြတ်ကြေညာစဉ်ကလည်း ဘာကြောင့် အဲဒီလို ပြောင်းလဲရတယ်ဆိုတာကို စစ်ကောင်စီဘက်က  ရှင်းလင်း ဖော်ပြခြင်း မရှိပါဘူး။

အခုတခါ အဲဒီ တိုးမြှင့်တဲ့ နှုန်းထားကို ပြောင်းလဲပယ်ဖျက်ပြီး မူလအတိုင်း ဗဟိုဘဏ်ရည်ညွှန်းဈေးနဲ့ တွက်ချက်ကောက်ခံဖို့ ပြန်ပြောင်းရသလဲ ဆိုတာကိုလည်း ရှင်းလင်းချက် ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013