DVB Logo
Home
မြန်မာသတင်း
KNU နယ်မြေတွင် မဲရုံလာထောင်မရအောင် ဆန့်ကျင်တိုက်ဖျက်မည်
DVB
·
January 27, 2025
KNU နယ်မြေတွင် မဲရုံလာထောင်မရအောင် ဆန့်ကျင်တိုက်ဖျက်မည်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီက မဲရုံလာမထောင်နိုင်အောင် ဗျူဟာတကျ အတတ်နိုင်ဆုံး ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ KNU တာဝန်ရှိသူက ပြောပါတယ်။ 

ဇန်နဝါရီ ၂၆ ရက်က အွန်လိုင်းကတဆင့် ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဟန့်တား ဆန့်ကျင်နိုင်ရေး ပထမအကြိမ် Global Seminar မှာ KNU တာဝန်ရှိသူက ပြောဆိုခဲ့တာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းအားလုံးကိုလည်း KNU က အသိအမှတ်မပြုဘူးလို့ ဆိုပါတယ်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး က “ကျနော်တို့ရဲ့ ဒေသထဲမှာ လာရောက်ကျင်းပခဲ့မယ်ဆိုရင်လည်း ကျနော်တို့ KNU ရဲ့ မဟာဗျူဟာအရပဲ ပြောပြော၊ နည်းဗျူဟာအရပဲ ပြောပြော ကျနော်တို့ တတ်နိုင်သလောက် ဆန့်ကျင်သွားမယ်ဆိုတဲ့ သဘောထားကိုလည်း ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်တယ်။ နောက်တချက်က ကျနော်တို့ တနိုင်ငံလုံးမှာ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ လိုအပ်တဲ့နေရာမှာ နည်းဗျူဟာအရ ပါဝင်ရမယ့် အပိုင်းရောက်ရင်လည်း ပါဝင်ပြီးတော့ ဆန့်ကျင်ကန့်ကွက်သွားမယ်။ လက်ရှိကတော့ ကျနော်တို့ အုပ်ချုပ်တဲ့နယ်မြေ KNU တပ်မဟာ ခရိုင် ၇ ခုလုံးမှာရှိတဲ့ ဘယ်နေရာမှာမဆို လာရောက်ပြီးတော့ မဲရုံတွေ ထောင်မယ်ဆိုရင်လည်း အတတ်နိုင်ဆုံး ဆန့်ကျင်သွားဖို့ တိုက်ဖျက်သွားဖို့လည်းပဲ ဆွေးနွေးထားတာရှိပါတယ်။ နည်ဗျူဟာပိုင်းအရ ဘယ်လို ဆန့်ကျင်သွားမလဲ၊ တိုက်ဖျက်သွားမလဲဆိုတဲ့ အရာကတော့ ကျနော်တို့ အင်အားစုတွေနဲ့ ဆက်သွယ်ပြီးတော့ အကြံဉာဏ်နဲ့ ဝိုင်းဝန်းပါဝင်နိုင်တဲ့ အနေအထားကို ဆက်လက်အသိပေးသွားဖို့လည်း KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့လည်း သဘောထားဆန္ဒရှိပါတယ်ဆိုတာကို ကျနော့်အနေနဲ့ အသိပေး ပြောကြားလိုပါတယ်” လို့ ပြောပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ အာဆီယံဒေသတွင်း အာဏာရှင်တပိုင်းနိုင်ငံတွေက စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံအားပေးမှုတချို့ရှိနေတဲ့ အားကိုယူပြီး စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရေးကို အားစိုက်ဆောင်ရွက်နေတာပါ။ 

အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကတော့ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ စစ်ရေးအသာစီး ရယူနိုင်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲအပါအဝင် မြန်မာ့နိုင်ငံရေးအပေါ် ချဉ်းကပ်ပုံ အနည်းငယ်ပြောင်းလဲသွားတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက Global Seminar မှာ သုံးသပ်ပါတယ်။ 

တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ ၁၁ မြို့အထိ ရှိလာပြီးနောက်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာ့အရေးအပေါ် ချဉ်းကပ်တဲ့ပုံစံဟာလည်း အပြောင်းအလဲတွေ ရှိလာတာပါ။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး က “အိန္ဒိယဆိုလို့ရှိရင် စကစ ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကူညီမယ်တို့ ဘာတို့ပြောခဲ့တာမျိုးတွေ ရှိတယ်။ တနည်းအားဖြင့် သူတို့ထောက်ခံတဲ့သဘော ရှိတယ်။ ဒါပေမဲ့ အခု ဒီဘက်နောက်ပိုင်းမှာတော့ ဒီရပ်တည်မှုက တော်တော်လေး ရွေ့လာတယ်လို့ ပြောရမှာပေါ့။ ဘင်္ဂလားဒေ့ရှ်လည်း ပါတာပေါ့နော်။ သူ့ရဲ့နယ်စပ်မှာရှိတဲ့ ဒေသမှာရှိတဲ့ ထိန်းချုပ်နိုင်မှု၊ အဲဒီမှာရှိတဲ့ တိုင်းရင်းသားအင်အားစုတွေရဲ့ အခြေအနေပေါ့နော်၊ ဒါတွေအပေါ် မူတည်ပြီး သူတို့ရဲ့ သဘောထားတွေကလည်း အပြောင်းအလဲ ဖြစ်လာတယ်လို့ ပြောလို့ရတယ်။ စကစ ဘက်ကိုချည်းပဲ လုံးလုံးလျားလျား ခြေစုံပစ်ရပ်တည်မှု ရှိမှာ မဟုတ်တော့ဘူးနော်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်က ၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ပြောဆိုထားပြီး နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံလာရေးအတွက် ရွေးကောက်ပွဲတရပ်ကို မဖြစ်မနေ ပြုလုပ်ဖို့ ဆန္ဒရှိနေတာပါ။ 

ဒီအခြေအနေမှာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနှုန်း၊ နိုင်ငံတကာစံနှုန်း၊ ဥပဒေရေးရာတွေနဲ့ ညီညွတ်မှုမရှိကြောင်း ဩစတြေးလျနိုင်ငံအခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက စာတမ်းတစောင်ပြုစုပြီး နိုင်ငံတကာအစိုးရတွေဆီကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ကိုပက်ထရစ်ချို (CRPH/NUG Supporting Group- ဩစတြေးလျ) က “ဒီရီပို့က လုပ်မယ့် ရွေးကောက်ပွဲဟာ ဘယ်လောက်အထိ နိုင်ငံတကာစံနှုန်း၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ညီသလဲဆိုတာကို အဓိကထားပြီး ဆန်းစစ်ထားတာပါ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတွေ၊ နောက်တခုက နိုင်ငံရေးလွတ်လပ်မှုပိုင်းဆိုင်ရာတွေ၊ မဲဆန္ဒရှင်တွေ ပါဝင်မှုတွေ၊ နောက်တခုက ဘယ်လောက်ကြီးအထိ ဒီရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု ရှိသလဲ။ နောက်တခုက လုံခြုံရေးပိုင်းဆိုင်ရာ၊ လူထုကနေပြီးတော့ ဒီရွေးကောက်ပွဲကို ယုံကြည်အားကိုးမှု ဘယ်လောက်ရှိသလဲဆိုတဲ့ အဲဒီအဓိကကျတဲ့နယ်ပယ်တွေ တော်တော်များများ အကျုံးဝင်အောင်ပြုစုထားတဲ့ ရီပို့တခုပါ။ UEC အနေအထားကို ကျနော်တို့ ပြန်ကြည့်တယ်၊ သူက လွတ်လပ်ပြီးတော့ ယုံကြည်စိတ်ချရတဲ့ အနေအထားမရှိဘူး။ စကစ အောက်က UEC ဟာ ဘယ်လိုနည်းနဲ့မှ လွတ်လွတ်လပ်လပ်ဆောင်ရွက်လို့မရဘူး။ အဲ့ဒီတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို UEC အနေနဲ့ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ သေသေချာချာရှင်းပြထားပါတယ်” လို့ ပြောပါတယ်။

ဒီအခြေအနေမှာ တိုင်းရင်းသားအစုအဖွဲ့တွေ၊ တော်လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ မြေပြင်အစုအဖွဲ့အားလုံး ပါဝင်သဘောတူတဲ့ နိုင်ငံရေးဘုံသဘောတူညီချက်နဲ့ လမ်းစဉ်ကိုချမှတ်ပြီး နိုင်ငံတကာအစိုးရတွေဆီကို မိမိတို့ရဲ့ စည်းလုံးညီညွတ်မှုအကြောင်း သတင်းစကားပေးနိုင်ဖို့ လိုအပ်နေတယ်လို့ အမေရိကန်နိုင်ငံရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ကိုရင်အေးက အကြံပြုပါတယ်။

“အနာဂတ်မှာ အားလုံးတူညီတဲ့ ဘုံရည်မှန်းချက်ကို သွားကြမယ်။ အနာဂတ်မှာ အားလုံး ဘုံသဘောတူညီတဲ့ နိုင်ငံသစ်ကို တည်ဆောက်ကြမယ်ဆိုတဲ့ သဘောတူညီချက်လေးကိုပဲ အရင်ယူထားပြီးတော့မှ တော်လှန်ရေးမှာ ဦးဆောင်တဲ့ တိုင်းရင်းသားတွေ၊ NUG၊ NUCC အပါအဝင် State Holder တွေ အကုန်လုံးကနေ ဒီသဘောတူညီချက်ကို ထုတ်ပြန်ပေးတာမျိုးကို လုပ်သင့်တယ်ပေါ့နော်။ ရွေးကောက်ပွဲကို လက်မခံတာ၊ ရွေးကောက်ပွဲက တရားမဝင်တာ၊ ရွေးကောက်ပွဲ လုပ်ခွင့်မရှိဘူးဆိုတာတွေအပြင်ကို အနာဂတ်မှာ အင်အားစုတွေအကုန်လုံး၊ တိုင်းရင်းသားအင်အားစုတွေနဲ့ ကိုယ်တို့ရဲ့ State Holder တွေ အကုန်လုံးက ပုံသဏ္ဌာန်တခုကို သဘောတူပါတယ်ဆိုတဲ့ အဆင့်လေးကို စလုပ်ဖို့အတွက် အကြံပြုချက်ပါသွားတယ်။ အဲဒါလေး ကောင်းပါတယ်။"

မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ PDF နဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေက စိုးမိုးအုပ်ချုပ်နေတဲ့ မြို့နယ် ၁၄၄ မြို့နယ်၊ ၄၄ ရာခိုင်နှုန်း အထိရှိနေပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ၇၉ မြို့နယ်၊ ၂၄ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ဒီဇင်ဘာလအထိ မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

စစ်ကောင်စီက စိုးမိုးထိန်းချုပ်နိုင်တဲ့မြို့နယ် ၁၀၇ မြို့နယ် ၃၂ ရာခိုင်နှုန်းသာ ကျန်ရှိနေပြီး စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရင်လည်း အဲဒီမြို့နယ်တွေမှာသာ ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013