
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးသွားကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်သားတွေက နေ့တိုင်းလိုလို ခရီးသွားပြည်သူတွေကိုဖမ်းဆီး မိုင်းရှာခိုင်းပြီး ပေါက်ကွဲလို့ သေဆုံး ဒဏ်ရာရတာလည်း ရှိတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေထဲကအမျိုးသားတွေကို စစ်တပ်က အတင်းအကျပ် မိုင်းရှာခိုင်းတာလို့ ကားသမားတယောက်က ပြောပါတယ်။
“မိုင်းရှာခိုင်းလေ့ရှိတဲ့နေရာက ချောင်းဦးမြို့၊ ငါန်းရှန်ရွာ-ဂွေးပင်တောရွာကြားမှာ မိုင်းအရှာခိုင်းတာပါဗျ။ ဘယ်က စစ်တပ်လဲဆိုတော့ ချောင်းဦးမြို့အဝင်က စစ်သားနဲ့ ငါန်းရှန်ရွာအထိုင်စစ်တပ်က စစ်သားတွေက ပြည်သူကို မိုင်းအရှာခိုင်းတာပါ။ ကျနော်တို့ကားတွေပေါ်မှာပါလာတဲ့ လူကြီး၊ လူလတ်၊ လူငယ် အမျိုးသားအားလုံးကို မိုင်းအရှာခိုင်းတာပါဗျ။ ကျနော်တို့ရှေ့တင် မိုင်းကြိုးတွေကို ကပ်ကြေးနဲ့ညှပ်ပြီး မိုင်းတွေကို သယ်ပေးရတာ။ အဲလိုသယ်ရင်းနဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကဆိုရင် မိုင်းပေါက်ကွဲပြီး ခရီးသည်အမျိုးသားတဦး နေရာတင်သေဆုံးရပြီး ၃ ဦး၊ ၄ ဦးလောက် ဒဏ်ရာရရှိတာတွေလည်း ဖြစ်ခဲ့ပါတယ်။ သေဆုံးသူအတွက်ကို ဘယ်သူကမှတာဝန်မယူကြဘူး။ ခရီးသည်ပြည်သူကို ဒုက္ခမပေးဖို့ရာလည်း စစ်တပ်ရော၊ PDF ဘက်ကိုရော မေတ္တာရပ်ခံပါတယ်ဗျာ” လို့ ပြောပါတယ်။
မုံရွာ-မန္တလေးသွားကားလမ်းမှပေါ်မှာ အခုလို မိုင်းရှာခိုင်းတာအပြင် ခရီးသည်တွေနဲ့ ကားတွေဆီကနေ အကြောင်းမဲ့ ငွေညှစ်ကောက်ခံတာတွေလည်းရှိတယ်လို့ သိရပါတယ်။
ခရီးသွားပြည်သူတယောက်က “ကျနော်တို့ မြင်းမူမြို့နယ်ထဲက နုံးတွင်း စစ်ဆေးရေးဂိတ်က မှတ်ပုံတင်စစ်ဆေးတယ်။ လုံခြုံရေးအရ စစ်ဆေးတယ်ဆိုရင်လည်း စစ်ပေါ့။ အခုဟာက မှတ်ပုံတင်စစ်ပြီး အချက်အလက်စုံလည်း တဦးကို ၅,၀၀၀ တောင်းတယ်။ အဲ ၅,၀၀၀ က ဘာအတွက် ကောက်ခံတာလဲ၊ ဘယ်နေရာမှာသုံးကြမလဲ။ ပြည်သူက ဒုက္ခပေါင်းစုံကို ရင်စည်းခံနေကြရပါတယ်။ အထက်တာဝန်ရှိသူတွေလည်း ကြည့်ကျက်ထိန်းသိမ်းကြပါဦးလို့ပဲ ပြောပါရစေ။ PDF အဖွဲ့များကိုလည်း ပြောချင်တာက အများသုံးကားလမ်းမပေါ် မိုင်းမထောင်ပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာက ဂျန်မာကားတွေပါတယ်ဗျ။ မိုင်းဆွဲတိုင်း စစ်ကားမမိဘဲ ပြည်သူကားတွေပဲမိတာများတာပါ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက မုံရွာ- မန္တလေးသွားကားလမ်းမပေါ်မှာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွား နေတာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့နေရပြီး လမ်းကြောင်းတလျှောက် ဂိတ်တွေကလည်း ငွေကောက်ခံနေတာကြောင့် ကုန်ဈေးနှုန်းတွေလည်းတက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











