DVB Logo
Home
မြန်မာသတင်း
၂၀၂၄ ခုနှစ် ကရင်ပြည်နယ်တိုက်ပွဲများ၌ စစ်ကောင်စီဘက်က ၃၁၀၀ ကျော်သေဆုံး
DVB
·
January 25, 2025
၂၀၂၄ ခုနှစ် ကရင်ပြည်နယ်တိုက်ပွဲများ၌ စစ်ကောင်စီဘက်က ၃၁၀၀ ကျော်သေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ ကော်သူးလေ အုပ်ချုပ်နယ်မြေတွေမှာ ၂၀၂၄ ခုနှစ် တနှစ်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃,၁၀၀ ကျော်  သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဇန်နဝါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေတွေကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (K.N.D.O)တို့ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တနှစ်တာအတွင်း တိုက်ပွဲပေါင်း ၃,၂၂၉ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အရာရှိ၊ အရာခံတွေအပါအဝင် တပ်သား ၃,၁၃၆ ယောက်ထက်မနည်း သေဆုံး၊ ၂,၂၂၅ ယောက် ဒဏ်ရာရပြီး စစ်ကောင်စီတပ်ရဲ့ ဗျူဟာမှူးတွေနဲ့ အောက်ခြေတပ်သား ရာနဲ့ချီကိုလည်း ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ရဲဘော်တယောက်က “အောင်ဇေယျစစ်ကြောင်းဆိုရင် သူတို့ဟာနဲ့သူတို့သေတာကို အများကြီး။ ဒေါနတောင်က မြင့်တယ်၊ တက်ရတာလည်း အရမ်းခက်တယ်။ သူတို့တက်တဲ့ပုံကလည်း သိတဲ့အတိုင်း ခြင်းကျားတွေ အပြည့်လွယ်ထားတာ။ ခက်ခက်ခဲခဲတက်ပြီး ချော်ကျ၊ ပြုတ်ကျ၊ လိမ့်ကျနဲ့ သေကုန်တာလည်း မနည်းဘူးပဲ။ တိုက်ပွဲကြောင့်လည်း သေတာတွေများတယ်။ ဒဏ်ရာရတာတွေ ရောပေါ့” လို့ ပြောပါတယ်။

ကော်သူးလေနယ်မြေရဲ့ တပ်မဟာ ၇ ခုထဲက တပ်မဟာ ၃ ထဲမှာ စစ်ကောင်စီတပ်သား ၉၉၁ ယောက်နဲ့ အများဆုံး သေဆုံးခဲ့ပြီး တပ်မဟာ ၅ ထဲမှာ ၅၉၆ ယောက်၊ တပ်မဟာ ၆ မှာ ၄၉၅ ယောက်၊ တပ်မဟာ ၂ မှာ ၄၄၇ ယောက်၊ တပ်မဟာ ၄ မှာ ၂၈၈ ယောက်၊ တပ်မဟာ ၁ မှာ ၂၃၅ ယောက်နဲ့ တပ်မဟာ ၇ မှာ ၈၄ ယောက် သေဆုံးခဲ့တယ်လို့ KNU ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲတွေအတွင်း K.N.L.A၊ K.N.D.O တို့ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော် အယောက် ၁၀၀ ဝန်းကျင် ကျဆုံးခဲ့ရပြီး ၃၂၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013