DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှုနှင့် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသား ၂ ဦးကို မိဘများ သွားရောက်တွေ့ဆုံ
DVB
·
October 24, 2014
လိပ်ကျွန်းလူသတ်မှုနှင့် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသား ၂ ဦးကို မိဘများ သွားရောက်တွေ့ဆုံ
Donate to DVB

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ စွပ်စွဲ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ကော့စမွေ အကျဉ်းထောင်မှာ မိဘတွေ လိုက်လံ တွေ့ဆုံနေပါတယ်။

ထိုင်းနိုင်ငံက လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ စွပ်စွဲ အဖမ်းခံရပြီး ကော့စမွေ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးကို သူတို့ရဲ့ မိဘတွေဟာ အောက်တိုဘာ ၂၄ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပြီး အဆိုပါ အလုပ်သမား ၂ ဦးကို လူသတ်မှုနဲ့ မုဒိမ်းမှု အပါအ၀င် အမှု ၅ မှုနဲ့ တရားစွဲ ခံထားရတာပါ။

2လူသတ်မှုနဲ့ စွပ်စွဲခံထားရသူ မောင်ဝင်းဇော်ထွန်းရဲ့အဖေ ဦးထွန်းထွန်းထိုက် က “ဒီအမှုနဲ့ ပတ်သက်လို့ သိမြင် တွေ့မြင် ခံစားရာဟာ အများကလည်း သိထားတဲ့အတိုင်းပဲ မဟုတ်ဘဲနဲ့ စွပ်စွဲထားတယ်လို့ ကျနော်တို့က ခံစားရပါတယ်။ ဒါကြောင့်မို့ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကျနော်တို့က ဒီကျွန်းကိုလာရောက်ခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အဖမ်းခံထားရတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ ၂ ယောက်ဟာ ထိုင်းရဲတပ်ဖွဲ့မှာ ၀န်ခံချက် ပေးထားတာတွေကိုလည်း တရားဝင် ပြန်လည် ရုပ်သိမ်းထားပြီး ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ အဖမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ် ၂ ယောက်ဟာ စစ်ဆေးရေးကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

သူတို့ရဲ့ အမှုကို ထိုင်းနိုင်ငံရှေ့နေများ ကောင်စီကလည်း လိုက်ပါ ကူညီပေးနေပြီး အမှုအတွက် ရှေ့နေ ၁၆ ဦးပါတဲ့ ကော်မတီကို ဖွဲ့စည်းပြီး လိုက်ပါဆောင်ရွက်ပေးနေပါတယ်။

ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဆူရဖုန် က “ဒီအမှုမှာ သူတို့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့ တရားရုံးကို စွဲချက်တင်လိုက်တဲ့အပေါ် မူတည်ပါတယ်။ တရားရုံးကို မတင်သေးဘူးဆိုရင် စုံစမ်းစစ်ဆေးလို့ ရပါတယ်။ သူတို့တွေ တကယ် နှိပ်စက်ခံရ၊ မရဆိုတာကိုတော့ ဌာနဆိုင်ရာတွေက ထပ်ပြီး စစ်ဆေးနေပါတယ်။ ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ဒီကိစ္စကို ဆောင်ရွက်နေပါတယ်။ ကော်မရှင်က ထောက်ခံတဲ့အချက်တွေဟာ တရာဆုံးဖြတ်ချက်အတွက် ဖြည့်စွက်ချက်ပါ။ ရှေ့နေက ရှေ့နေအလုပ်၊ အချက်လက်က အချက်အလက် သက်သက်စီ ဆောင်ရွက်နေပါတယ်။ မိဘတွေကတော့ သူတို့သားတွေကို သူတို့နဲ့ အမြန်ဆုံး လာနေစေချင်ပါတယ်။ ဒီအမှုဟာ မြန်မြန် ပြီးမြောက်သွားပါလိမ့်မယ်။ ဗြိတိန်၊ ထိုင်းနဲ့ မြန်မာ ၃ နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။ သံရုံးတွေနဲ့ ရှေ့နေအဖွဲ့တွေ အမြဲတမ်း ဆွေးနွေးနေပါတယ်လို့ ပြောဆိုခဲ့တာပါ”လို့ ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ဗြိတိန်နဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ လာရောက် လေ့လာခွင့်ကို ထိုင်းက ခွင့်ပြုထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ အီတလီနိုင်ငံမှာ တွေ့ဆုံစဉ်က ဒီအမှုကို ဗြိတိန်ရဲတွေ လာရောက် စစ်ဆေးခွင့် သဘောတူညီမှု ရခဲ့တယ်လို့ ဗြိတိန်ဘက်က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံ တရားစီရင်ရေးဖြစ်စဉ်ကို ဗြိတိန်က ဝင်ရောက်စွက်ဖက်တာမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်က မီဒီယာတွေကို ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013