DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ခံများ ညဘက် ဖုန်းမီးရောင်ဖြင့် သွားလာနေရ၊  ခိုးဆိုး လုယက်မှုများဖြင့် မလုံမခြုံ ဖြစ်နေ 
DVB
·
January 24, 2025
ရန်ကုန်မြို့ခံများ ညဘက် ဖုန်းမီးရောင်ဖြင့် သွားလာနေရ၊  ခိုးဆိုး လုယက်မှုများဖြင့် မလုံမခြုံ ဖြစ်နေ 
Donate to DVB

ရန်ကုန်မြို့မှာ ညဘက်လျှပ်စစ်မီးမလာလို့ မြို့ခံတွေဟာ ဖုန်းမီးရောင်ကို အားကိုး သွားလာနေကြပြီး လုံခြုံမှုမရှိ သူခိုးနဲ့ ဒုစရိုက်သမားတွေ သောင်းကျန်းလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အရင်ကမီးထိန်ထိန်လင်းပြီးစည်ကားခဲ့တဲ့ ရန်ကုန်မြို့ရဲ့ ညတွေဟာ အခုတော့ ဖုန်းမီးကိုအားပြုပြီး ခပ်သွက်သွက်သွားလာရတဲ့အခြေအနေအထိ ပြောင်းလဲလာသလို သူခိုးတွေသောင်းကျန်းလို့ သာမန်ပြည်သူတွေသာမက ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေပါ ညဘက်အလုပ်ဆင်းရတာ စိုးရိမ်စရာဖြစ်လာတယ်လို့ ပန်းဘဲတန်းမြို့နယ်က  ပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင် တယောက်က  ပြောပါတယ်။

“ညတိုင်းလိုလိုပတ်နေတာ သူခိုးက။ ရဲလည်း လာတော့လာတာပဲ။ သူတို့ကရှေ့ကသွား။ သူတို့ကနောက်ကဝင်ပေါ့။ မီးကတော့ညတိုင်းလိုလို ပျက်တာပဲ။ မီးပျက်တဲ့ရက်တွေ ပိုဂရုစိုက်ရတယ်။ ကျန်တဲ့အချိန်ကတော့ မီးလေးလာနေရင် နည်းနည်း သာသာယာယာ ရှိတာပေါ့။ မီးမလာတဲ့အချိန်ကျတော့ ပိုစိုးရိမ်ရတာပေါ့။ ကိုယ်ကလည်း ကိုယ့်နယ်မြေမဟုတ်တော့ ဂရိုစိုက်ရတာပေါ့။ ခိုးတာကတော့ ပိုးဆိုးပက်စက်။ ရဲကရှေ့ကသွား။ သူတို့က နောက်ကဝင်။ ပတ်တာကတော့ ပန်းဘဲတန်းဆိုရင် ပတ်ကင်းပတ်တယ်။ နယ်ထိန်းဆိုရင် ၂ နာရီ ၂၀ လောက်ဆိုသူတို့ပတ်ပြီ။ မနက် ၄ နာရီခွဲအထိ။ ပတ်တာပဲ။ ပတ်ပေမဲ့လည်း အဲ့ကြားထဲက ဝင်တာပဲ။”

ပြီးခဲ့တဲ့ ၂၀၂၄ လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက လွှတ်ပေးခဲ့တဲ့ အကျဥ်းသား၊ အကျဥ်းသူ ၆၀၀၀ ကျော်မှာ ခိုးမှု၊ လုယက်မှုစတဲ့ ခိုးဆိုးလုနှိုက်အများစုပါဝင်တယ်လို့ ခိုးမှုနဲ့ ပြန်လည် လွတ်မြောက်လာသူက ပြောပါတယ်။

ရန်ကုန်မှာ လျှပ်စစ်မီး အပြည့်အဝမရရှိဘဲ နေ့ကို ၈ နာရီသာ ရရှိတော့အချိန်မှာ ညတိုင်းလိုလို မီးပျက်လာတဲ့အတွက် ခိုးမှုနဲ့ လုယက်မှုတွေ ပိုပြီးပေါများလာတာပဲဖြစ်ပါတယ်။

ခိုးမှုတွေက လမ်းပေါ်မှာရပ်ထားတဲ့ ကားဘီးဖုံးကအစ သော့မခတ်မိတဲ့တိုက်ခန်းတွေမှာ ခိုးမှုတွေဖြစ်ပွားလာပြီး မနက်စောစောဈေးဆင်းရတဲ့ ဈေးရောင်းဈေးဝယ်တွေမှာလည်း လုယက်မှုတွေ ပိုပြီးဖြစ်လာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့လယ်မှာ ရာဇဝတ်မှုပေါများလာသလို အခုလို လျှပ်စစ်မီးပျက် မီးမမှန်တာက မှောင်ရိပ်ခို ခိုးဆိုး လုယက်မှုတွေအတွက် အခွင့်သာနေတာ ဖြစ်ပါတယ်။ 

အနှေးယာဥ်မောင်းနှင်သူတယောက်က “သူကမီးပျက်တဲ့အခါအခွင့်ကောင်းယူပြီးတော့ ကားတွေကဘက်ထရီတွေဖြုတ်တယ်။ သော့လစ်ဟာနေတဲ့ဟာကို ဝင်ခိုးတာပေါ့။ နောက်ပြီးတော့ ပလုံကောက်ချင်ယောင်ဆောင်ပြီးတော့ ပီနန်အိတ်ကြီးတွေနဲ့ ခိုးတာ။ သူတို့က ပလုံကောက်တဲ့လူတွေ မဟုတ်ဘူး။ ကော်ဘူးကောက်တဲ့လူတွေမဟုတ်ဘူး။ သူခိုးတွေ”လို့ ပြောပါတယ်။

အရင်က ညလုံးပေါက်စည်ကားခဲ့တဲ့ ရန်ကုန်မြို့လယ်ဟာ ဆင်ခြေဖုံးမြို့နယ်တွေနဲ့ မခြားနားဘဲ ည ၇ နာရီကျော်ရင် လူခြေတိတ်လာနေပါတယ်။

ညဦးပိုင်းအမှောင်ရောက်လာပြီဆိုရင်ပဲ အလုပ်သွားအလုပ်ပြန်ကလွဲလို့ ခြေကျင်သွားလာသူ မရှိသလောက်နည်းပါးလာပြီး လျှပ်စစ်မီးထိန်ထိန်လင်းပြီး စည်ကားခဲ့တဲ့ ရန်ကုန်မြို့ဟာ အမှောင်ထဲမှာ ရာဇဝတ်မှုတွေနဲ့အတူ တိတ်ဆိတ်ခြောက်ကပ်လာတာပဲ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013