
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၂၈ ရက်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြို့ခံတွေနဲ့ ကျောက်တော်မြို့မှာ စစ်ဘေးရှောင်နေကြတဲ့ ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေဟာ ဘေးလွတ်ရာတွေကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက ကျောက်တော်မြို့ ပိုက်သည် ရပ်ကွက်ရှိ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ကြဲချ တိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သား အယောက် ၅၀ သေဆုံးခဲ့ပြီး နောက်ထပ်လည်း ၅၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြို့ခံတွေနဲ့ မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေက စစ်ရှောင်တွေဟာ နောက်ထပ် ဗုံးကြဲမှုတွေ ထပ်မံပြုလုပ်လာမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကျောက်တော်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“အိန္ဒိယဈေး ဗုံးကြဲခံရကတည်းက မြို့ခံတွေနဲ့ စစ်ရှောင်စခန်းတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာရှိတယ်။ အဲဒီဈေးက မြို့ခံတွေနဲ့ စစ်ဘေးရှောင်တွေ အဓိက မှီခိုလုပ်ကိုင် စားသောက်နေကြတာဖြစ်ပြီး အဲဒီနေ့က အနိဋ္ဌာရုံတွေ မြင်ရကတည်းက လူတွေက အရမ်းကို ကြောက်လန့်သွားကြတာ။ နောက်ထပ်လည်း ဗုံးကြဲ လာမှာကို ကြောက်ပြီးတော့ ဘေးလွတ်ရာတွေကို တိမ်းရှောင်နေကြတာ။ စစ်ရှောင်တွေဆို မနေရဲ တော့ဘဲ အပြီးတိုင် ပြောင်းသွားကြတဲ့ သူတွေတောင်ရှိတယ်။”
လေကြောင်းဗုံးကြဲမှုကြောင့် ကျောက်တော်မြို့ အပါအဝင် အနီးအနားက မြို့တွေပါ ဈေးတွေ၊ စာသင်ကျောင်းတွေ ပိတ်ထားကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အိန္ဒိယဈေးဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကနေ ကုန်သွယ် လာတဲ့ ကုန်စည်တွေကို ရခိုင်ပြည်က မြို့နယ်တွေ အားလုံးကို အဓိက ဖြန့်ဖြူးရောင်းချတဲ့ ဈေးဖြစ်တာကြောင့် ထိခိုက်သေဆုံးတဲ့ အထဲမှာလည်း ကျောက်တော်မြို့ခံတွေအပြင် တခြားက ဒေသခံတွေလည်း ပါဝင်နေကြတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၃၀ ရက်အထိ ပိုင်ရှင်မပေါ်သေးတဲ့ အလောင်း ၂၀ ကျော် ရှိနေသေးပြီး အလောင်းတွေ ဟာ မီးလောင်ပျက်စီးသွားတာကြောင့် ဘယ်သူဘယ်ဝါ မသိရှိရသေးဘဲ အာရက္ခတပ်တော် (AA) က သင်္ဂြိုဟ်ပေးလိုက်ရတယ်လို့လည်း သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ စစ်ရေးအရ အရေးနိမ့်လာမှုကို စစ်သားလို မတိုက်ခိုက်ဘဲ သူရဲဘောကြောင် စွာ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကို လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ နောက်ထပ် ကျောက်တော်မြို့ခံတယောက်ဖြစ်တဲ့ ကိုနိုင်ဇော်က ပြောပါတယ်။
“စစ်သားအချင်းချင်း စစ်ဖြစ်ရင် စစ်ဖြစ်တဲ့နေရာမှာ တိုက်ခိုက်ကြပါလား။ စစ်ရှုံးလာရင် ပြည်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာဟာ စစ်သားမဟုတ်ဘူးဗျာ။ စစ်သားဆိုရင် သူရဲဘော မကြောင်ရဘူး။ စစ်မြေပြင်မှာ နိုင်အောင်တိုက်ကြ။ အခု အရပ်သားတွေပဲ ရှိတဲ့ ဈေးကို ဗုံးကြဲတာဟာ စစ်အောင်နိုင်ခြင်း မဟုတ်ဘူး။ ဘာမှမဆိုင်တဲ့ ပြည်သူတွေ အသက်တွေ၊ သွေးတွေ၊ ချွေးတွေနဲ့ စုဆောင်းထားကြရတဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထား ဖျက်ဆီးတာကို လုံးဝ လက်ခံနိုင်စရာမရှိဘူး။”
ကျောက်တော်မြို့ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတား လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ အမိန့်ပေးသူ တွေ၊ အမိန့်နာခံ တိုက်ခိုက်သူတွေနဲ့ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတိုင်းကို လက်တုံ့ ပြန်သွားမယ် လို့လည်း အာရက္ခတပ်တော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကျောက်တော်ဗုံးကြဲခံရမှု အတွက်လည်း ကုလသမဂ္ဂနဲ့ ယူကေနိုင်ငံတို့က စစ်အာဏာရှင် တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို ပြင်းထန်စွာ ရှုတ်ချထားကြပြီး စစ်ပွဲရဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့နဲ့ အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ရခိုင်ပြည်နယ်အတွင်းက ထိုးစစ်တွေ စစ်ရှုံးပြီး တပ်လန်လာပြီးနောက် အရပ်ဘက် ပစ်မှတ်တွေဖြစ်တဲ့ မြို့ရွာတွေကို နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။










