DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီ လှိုင်းတိုရေဒီယိုအစီအစဉ် ထုတ်လွှင့်မှု ရပ်နား
DVB
·
October 24, 2014
ဒီဗွီဘီ လှိုင်းတိုရေဒီယိုအစီအစဉ် ထုတ်လွှင့်မှု ရပ်နား
Donate to DVB

ဒီဗွီဘီကနေ ၂၂ နှစ် ကြာ ထုတ်လွှင့်ပေးနေတဲ့ လှိုင်းတိုရေဒီယို ထုတ်လွှင့်မှုကို ရပ်နားပြီး အင်တာနက်နဲ့ မိုဘိုင်းဖုန်းတွေကနေတဆင့် နားဆင်နိုင်မယ့် အွန်လိုင်း ရေဒီယိုအဖြစ် ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

ဒီနေ့ခေတ်အချိန်ကာလမှာ လှိုင်းတိုရေဒီယို နားဆင်သူ အရေအတွက်က နည်းပါး လာတယ်လို့ စစ်တမ်းကောက်ယူမှုတွေက ပြသနေတာကြောင့် ဒီဗွီဘီအနေနဲ့ အင်တာနက်နဲ့ မိုဘိုင်းဖုန်းတွေကနေ ရယူနိုင်တဲ့ ခေတ်မီ ဒီဂျစ်တယ် မီဒီယာနဲ့ ရုပ်သံတီဗွီထုတ်လွှင့်မှုအပေါ် ပိုမိုအားစိုက် လုပ်ဆောင်သွားမယ်လို့ ဒီဗွီဘီရဲ့ ထုတ်ပြန်ချက်က ရေးပါတယ်။

Radio logo sidebarခုလို လှိုင်းတိုအစီအစဉ် ရပ်လိုက်ရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီ မာလ်တီမီဒီယာအုပ်စုရဲ့ လက်ထောက် ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက တိုင်းပြည် ပွင့်လင်းလာတဲ့ အချိန်မှာ လူထု အနေနဲ့ သတင်းရယူနိုင်တဲ့ လမ်းကြောင်းတွေ ပွင့်လင်းလာသလို ရေဒီယိုကို အဝေးက လွှင့်ရတဲ့အတွက် အသံလှိုင်းမကြည်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“လှိုင်းတိုကို ခဏရပ်မယ်။ ပြီးတော့ အားပါတဲ့ တီဗွီမှာ ခွန်အားစိုက်မယ်။ နောက်တခုက လှိုင်းတိုကိုသာ ရပ်လိုက်တယ်ဆိုပေမယ့် ရေဒီယိုကို တခြား ပုံစံနဲ့ ပြန်ပြောင်းလွှင့်ဖို့ရှိပါတယ်။ နောက်ပိုင်းမှာ မိုဘိုင်းတို့ အင်တာနက်တို့ ဒါတွေရှိလာတယ်။ အဲဒီဘက်ကို ပြောင်းဖို့ စဉ်းစားတဲ့အတွက် ရေဒီယိုကို ရပ်တာမဟုတ်ပါဘူး။ လှိုင်းတိုကိုသာ ရပ်တာဖြစ်ပါတယ်။”

ဒါအပြင် နည်းပညာနဲ့ နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေအရ လိုက်လံ ပြောင်းလဲရတာ ဖြစ်သလို နှစ်ပေါင်း ၂၀ ကျော်ကြာအောင် အားပေးနားထောင်တဲ့ ပရိသတ်အတွက် စိတ်မကောင်းသလို တောင်းပန်တဲ့အကြောင်းလည်း ပြောပါတယ်။

ဒီဗွီဘီ ရေဒီယိုလှိုင်းတိုအစီအစဉ်ကို နေ့စဉ် မြန်မာစံတော်ချိန် မနက် ၆ နာရီကနေ ၇ နာရီအထိ ၁ ကြိမ်၊ ည ၉ နာရီကနေ ၁၀ နာရီထိ ၁ ကြိမ် နေ့စဉ်ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်တွေထဲမှာ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ အားကစား၊ စီးပွားရေးနဲ့ မိုးလေ၀သသတင်းတွေနဲ့ အပတ်စဉ် အသံလွှင့်သတင်းဆောင်းပါးတွေလည်း ထုတ်လွှင့် ပေးနေသလို ကရင်၊ ကရင်နီ၊ ကချင်၊ ကယန်း၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတိုင်းရင်းသားဘာသာ ၈ မျိုးနဲ့လည်း အလှည့်ကျ ထုတ်လွှင့်ပေးနေတာပါ။

ခုလာမယ့် အောက်တိုဘာ ၂၆ ရက် တနင်္ဂနွေနေ့ မနက်ခင်း အစီအစဉ်အပြီးမှာတော့ တိုင်းရင်းသားအစီအစဉ်တွေ အပါအ၀င် နေ့စဉ်လှိုင်းတိုကနေ ထုတ်လွှင့်ပေးနေတဲ့ အစီအစဉ် တွေ အားလုံးကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရေဒီယို တခု ပိတ်သွားတာဟာ ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ ဒီဗွီဘီကို ခုလိုပြောပါတယ်။

“အသံလွှင့်တဲ့ ဌာနတွေ များလေလေ ပိုပြီးတော့ အမြင်အမျိုးမျိုးကို ရလေပဲ။ တခု ပိတ်သွားလို့ ဆိုလို့ရှိရင် တခု ဆုံးရှုံးသွားတယ်လို့ မြင်ရမှာပေါ့။ ရေဒီယိုတွေက လွှင့်တဲ့သတင်းတွေကို ပရိသတ်တွေက အဓိကအားဖြင့် မှန်မှန်ကန်ကန် သုံးသပ်ဖို့က အရေးကြီးတာပဲလေ။ သတင်းလွှင့်တဲ့ဌာနတွေကလည်း ပရိသတ်တွေ သုံးသပ်တဲ့နေရာ ပိုပြီးတော့ ကျွမ်းကျင်အောင် တနည်းတဖုံတော့ အထောက်အကူပေးလိမ့်မယ်လို့ ထင်ပါတယ်။”

အလားတူ ဒီဗွီဘီ ရေဒီယို ရှမ်းတိုင်းရင်းသားဘာသာအစီအစဉ်မှာ ၁၈ နှစ်တာ လုပ်ကိုင် ဆောင်ရွက်ခဲ့တဲ့ စိုင်းမွန်းခေးကတော့ တီဗွီ အင်တာနက်တွေ မရှိတဲ့ ကျေးလက်တောရွာက လူထုတွေအတွက် သတင်းကို ကြားရတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အများဆုံး ရေဒီယိုထောင်တာကတော့ ခေတ်နောက်ကျနေတဲ့သူတွေရယ် တောရွာမှာ ရှိနေတဲ့သူတွေရယ် အပစ်အခတ်ဖြစ်နေတဲ့နေရာမှာ အများဆုံး ဖြစ်နေတာပေါ့။ ဒါကြောင့် သူတို့ကတော့ ကျနော်တို့ဆီကိုလည်း ပြောပါတယ်။ သူတို့ဟာ သတင်းပြတ်နေတဲ့အတွက် ဘီဘီစီကိုလည်း သွားပြီးနားထောင်ရမယ်။ ဒီဗွီဘီကိုလည်း သတင်းတွေဘာတွေ ရှာရအောင် မေးနေတာပေါ့။”
ဒီဗွီဘီ မာလ်တီမီဒီယာအုပ်စုအနေနဲ့ အွန်လိုင်းကနေလည်း ၀က်ဆိုဒ်အပြင် လူမှုရေး ကွန်ရက် မီဒီယာလည်း ရှိနေသလို မိုဘိုင်းဖုန်းကနေတဆင့် SMS သတင်းတို၊ အသံဖိုင်တွေ ပေးပို့တဲ့ ၀န်ဆောင်မှုနဲ့ လုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။ ဒါ့ပြင် ပြည်တွင်းမှာ အစိုးရက ခွင့်ပြုမယ် ဆိုရင် FM ရေဒီယိုနဲ့ တီဗွီ လိုင်စင်တွေကို လျှောက်ထားဖို့ ရှိနေပါတယ်။

ရှေ့ အနာဂတ်မှာ ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီးလည်း ဦးခင်မောင်ဝင်းက က ခုလိုပြောပါတယ်။

“လှိုင်းတိုကနေပြီး ထုတ်လွှင့်မှုသာ ရပ်တာဖြစ်ပါတယ်။ ရေဒီယိုကို ဘယ်လိုပုံစံမျိုး ထုတ်လွှင့်ဖို့ရှိလဲဆိုတော့ အွန်လိုင်းရေဒီယိုအဖြစ် သွားမယ်။ နောက်ပိုင်းမှာ မြန်မာပြည်ထဲမှာ ခေတ်စားဖို့ ရှိလာတဲ့ မိုဘိုင်းဖုန်း ဆားဗစ်ကိုအသုံးချပြီးတော့ ရေဒီယိုသတင်း အသုံးချတာမျိုးတွေ ကြိုးစားမယ်။ ပြီးတော့ ပြည်တွင်းမှာရှိတဲ့ FM အသံလွှင့်ဌာနတွေနဲ့ ပေါင်းပြီး အရင်လှိုင်းတိုက လွှင့်ခဲ့တဲ့ သတင်းမျိုးတွေကို FM ကနေပြီးတော့မှ လွှင့်ခွင့်ရအောင် ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ လုပ်ဆောင်သွားဖို့ ရှိပါတယ်။”

၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ ဒီဗွီဘီက လှိုင်းတိုရေဒီယိုကို နော်ဝေနိုင်ငံ အော်စလိုမြို့ ကနေ စတင်ထုတ်လွှင့်ခဲ့ပါတယ်။
၂၀၁၄ သြဂုတ် ၁၈ ရက်မှာတော့ တီဗွီအစီအစဉ်တွေကို မနက် ၈ နာရီကနေ ည ၉ နာရီအထိ ၁ နာရီခြား တခါ ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကို တင်ဆက်ပေးနေသလို အရင်က ၄ နာရီ တင်ဆက်ပေးနေရာက အခုဆိုရင် ၁၃ နာရီအထိ တိုးမြင့် ထုတ်လွှင့်ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013