DVB Logo
Home
မြန်မာသတင်း
မြန်မာကျားဖြန့်တွင် ဖမ်းဆီးခံနေရသည့် ထိုင်ဝမ်သား ၁၀၀ ကျော်ရှိနေ
DVB
·
January 23, 2025
မြန်မာကျားဖြန့်တွင် ဖမ်းဆီးခံနေရသည့် ထိုင်ဝမ်သား ၁၀၀ ကျော်ရှိနေ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့် အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းတွေထဲမှာ ဖမ်းဆီးခံ ထားရတဲ့ ထိုင်ဝမ်သား အယောက် ၁၀၀ ကျော် ရှိနေတယ်လို့  The News Lens International သတင်းမှာ ဇန်နဝါရီ ၂၂ ရက်က ဖော်ပြပါတယ်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားအဖွဲ့တွေရဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်ချက် ကို ကိုးကားပြီး ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ထိုင်ပေအမျိုးသမီးကယ်ဆယ်ရေးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် တူရင်ချူးက တရုတ်နှစ်သစ်ကူးမတိုင်မီ အဆိုပါ လိမ် လည်လှည့်ဖြားမှုတွေ ကြီးထွားလာတာတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်ဝမ်အာဏာပိုင် တွေအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ နိုင်ငံတကာနယ်နိမိတ်တွေကို သွားလာဖို့ အခက်အခဲကြုံတွေ့နေရတဲ့အကြောင်း ပြောလိုက်တာပါ။

ကျားဖြန့်ဂိုဏ်းထဲ ရောင်းစားခံရသူတဦးရဲ့ မိသားစုဝင်တဦးက “ကျနော့်ညီလေးက ပြီးခဲ့တဲ့ နှစ်အစပိုင်းတုန်းကတည်းက အွန်လိုင်းပေါ်က တယောက်ယောက်နဲ့ တွေ့ခဲ့ပြီး သူက သူ့ကိုယ်သူ ဗုဒ္ဓဘာသာ အဆောင်လက်ဖွဲ့တွေကို ပြန်ရောင်းဖို့ ဝယ်တဲ့သူလို့ ပြောပါတယ်” လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် သူတို့ရဲ့ ညီလေးကို လက်နက်ကိုင် ထိုင်းအမျိုးသားတွေက မြန်မာနိုင်ငံဘက်ကို အတင်းအကျပ် လူကုန်ကူးခံခဲ့ရကြောင်း မိသားစုဝင်တွေက ပြောပြကြသလို သူ့ကို စစ်တပ် ထိန်းချုပ်ထားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းထဲ နေ့စဉ် ၁၀ နာရီကနေ ၁၄ နာရီအထိ အဓမ္မအလုပ်ခိုင်းစေခံထားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျားဖြန့်ဂိုဏ်းတွေထဲ ရောင်းစားခံရသူတွေက ခုခံတာ ဒါမှမဟုတ် ညံ့ဖျင်းရင် သူတို့ အပြစ်ပေးခံရမယ်၊ အမှောင်ခန်းကျဉ်းကျဉ်းထဲမှာ ပိတ်လှောင်ခံရမယ်၊ ဒါမှမဟုတ် ရိုက်နှက်ခံရမှာဖြစ်တယ်လို့လည်း ထိုင်ပေအမျိုးသမီးကယ်ဆယ်ရေးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် တူက ပြောလိုက်ပြီး ကျူးလွန်ခံရသူအများအပြားဟာ လက်စား ချေခံရမှာကို ကြောက်လန့်ကာ အလုပ်သဘောတူစာချုပ်ချုပ်ဖို့ တွန်းအားပေးခံရတယ်လို့လည်း ပြောပါတယ်။

“နိုင်ငံသားတွေကို ပြန်ပေးဆွဲခံရမှာ ဒါမှမဟုတ် လှည့်စားထောင်ချောက်ထဲ ကျသွားမှာကို စိုးရိမ်တဲ့အတွက် ထိုင်း ဒါမှမဟုတ် အရှေ့တောင်အာရှဒေသတွေကို တဦးတည်း မသွားကြဖို့ အကြံပြုချင်ပါတယ်။”

ပုံမှန်အားဖြင့်တော့ ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေက သားကောင်တွေကို အခမဲ့ လေယာဉ်လက်မှတ်တွေ၊ နေရာထိုင်ခင်းတွေ ပက်ကေ့ဂျ်တွေ စီစဉ်ပေးပြီး   “ပြန်လည် ရောင်း ချခြင်းလုပ်ငန်း”တွေမှာ လုပ်ကိုင်ရမယ်ဆိုကာ ထိုင်းနိုင်ငံဆီ ဖျားယောင်းသွေး ဆောင်ခံရလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျားဖြန့်ဂိုဏ်းတွေက သားကောင်တွေကို ငွေကြေးရင်းနှီးမြုပ်နှံမှု စီးပွားရေး လုပ်ငန်းတွေ၊ အွန်လိုင်းလက်လီစီးပွားရေးလုပ်ငန်းတွေနဲ့ တခြားသော  အခွင့်အရေးအတုတွေနဲ့ သွေးဆောင်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း ကျားဖြန့်ရာဇဝတ်ဂိုဏ်း တွေထဲ ပိတ်မိနေတဲ့ ထိုင်ဝမ်နိုင်ငံသား ၁,၅၃၃ ဦးကို အစိုးရက နေရပ်ပြန်နိုင်ရေး အကူအညီ ပေးနိုင်ခဲ့ပြီး ငွေလိမ်ဂိုဏ်းတွေဆီ ရောင်းစားခံရတဲ့ အမှုတွေဟာ ကမ္ဘောဒီးယားကနေ ထိုင်းနဲ့ မြန်မာနိုင်ငံတွေဆီ တဖြေးဖြေး ရွေ့သွားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်ပေအမျိုးသမီးကယ်ဆယ်ရေးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် တူကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပြီလို့ ပြောလိုက်ပါတယ်။

သိပ်မကြာခင်ကလည်း ထိုင်ဝမ်ပရော်ဖက်ရှင်နယ် မီးအကသမားတဦးကို မြန်မာကျား ဖြန့်ရာဇဝတ်ဂိုဏ်းတခုက ပြန်ပေးဆွဲခံခဲ့ရပြီး ဇန်နဝါရီ ၁၄ ရက်မှာ ပြန်လည်လွတ် မြောက်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီပြန်ကြားရေးကတော့ ကျားဖြန့် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်း တွေထဲ ပိတ်မိနေတဲ့ လုပ်သား ၅၅,၀၀၀ ကျော်ကို နယ်စပ်ဒေသတွေကနေ သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးပို့ခဲ့တယ်လို့ ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါ တယ်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း တရားဥပဒေစိုးမိုးရေးနဲ့ အွန်လိုင်းလိမ်လည်မှုတွေအတွက် ဖွဲ့စည်းလိုက်တဲ့ ဇင်ယော် စစ်ဆင်ရေးအတွင်း ဆက်သွယ်ရေး လိမ်လည်မှုဆိုင်ရာ လူပေါင်း ၇၀,၀၀၀ ကျော်ကို ဖမ်းမိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source: The News Lens International 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013