DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာအလုပ်သမားများထံ ငွေလိမ်ခဲ့သည့် ကုမ္ပဏီကို ၀င်ရောက်စီးနင်း
DVB
·
October 24, 2014
ဘန်ကောက်တွင်  မြန်မာအလုပ်သမားများထံ ငွေလိမ်ခဲ့သည့် ကုမ္ပဏီကို ၀င်ရောက်စီးနင်း
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာအလုပ်သမားတွေဆီက ဘတ်ငွေ သန်းပေါင်း ၃၀ နီးပါး လိမ်လည်ခဲ့တဲ့ ကုမ္ပဏီကို သက်ဆိုင်ရာ စစ်တပ်နဲ့ ရဲတွေက ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။

[caption id="attachment_68750" align="alignright" width="300"]ဓာတ်ပုံ - MAT ဓာတ်ပုံ - MAT[/caption]ထိုင်းနိုင်ငံ စီးပွားရေးဆိုင်ရာဒုစရိုက်မှုနှိမ်နင်းရေးဌာနက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်နဲ့ မြန်မာ အလုပ်သမားကူညီရေးအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အင်အား ၃၀ နီးပါးဟာ ဘန်ကောက် ဖလမ်းဆောင်နယ်မြေ ဒီကေအိမ်ယာမှာရှိတဲ့ စန်ကျောက်ပင်း (Sun Jao Ping) ကုမ္ပဏီကို အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီလောက်မှာ ၀င်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

ဒီစီးနင်းမှုမှာ မြန်မာနိုင်ငံသား ကုမ္ပဏီဝန်ထမ်းတွေအပါအ၀င် ၁၅ ဦးကို ကုမ္ပဏီရောင်း ကုန်ပစ္စည်းတွေနဲ့ အတူ ဖမ်းထားတယ်လို့ တွဲလက်ညီအလုပ်သမားအဖွဲ့ဝင် ကိုကျော်လင်းဦးက ဒီဗွီဘီကို ခုလို ပြောပြပါတယ်။

“တာဝန်ရှိတဲ့ ၀န်ထမ်းတွေနဲ့အတူ ကျနော်ပါ ပါသွားပါတယ်ခင်ဗျ။ တာဝန်ရှိသူတွေက ကုမ္ပဏီထဲဝင်ပြီး ဘယ်သူမှထွက်ပြေးလို့မရအောင် တံခါးပိတ်လိုက်တယ်။ အထဲက ၀န်ထမ်းတွေကို စစ်ဆေးမေးမြန်းတယ်။ ရုံးခန်းထဲက စာရွက်စာတမ်းတွေ ၊ ကွန်ပြူတာ၊ ရောင်းကုန်ပစ္စည်းတွေ ပက်ပ်စီ ဘီယာတွေရော အားလုံးကို သိမ်းဆည်းလိုက်ပါတယ် ၊ အားလုံး ၁၅ ယောက်၊ မြန်မာက ၁၃ ယောက် အဓိကက ကိုလေးတို့ ကိုသိုက်တို့ ခေါင်းဆောင်တဲ့အဖွဲ့ပေါ့။ ဒီလူတွေကို မနေ့ညက ဒုစရိုက်နှိမ်နင်းရေးဌာနမှာဘဲ ထိန်းသိမ်းထားပါတယ်။ ကုမ္ပဏီပိုင်ရှင်ကို တော့ သိထားပြီးပြီ။ တွေ့ထားပြီးပြီ။ ၀ရမ်းစာမရသေးလို့ မဖမ်းသေးဘူးလို့ ပြောပါတယ်။”

ဖမ်းထားတဲ့သူတွေကို မနေ့ညက ဒုစရိုက်နှိမ်နင်းရေးဌာနမှာဘဲ ထိန်းသိမ်းထားပါတယ်။

အဆိုပါ ကုမ္ပဏီဟာ အလုပ်သမားတွေကို အစုဝင်ရှယ်ယာ ဘတ်ငွေ ၁ သောင်းစီ ရောင်းချပေးခဲ့ပြီး ၄ လ ကြာရင် အမြတ်အစွန်း ၄ ဆ ရမယ်လို့ ပြောခဲ့ပေမယ့် ၄ လကျော်တဲ့ထိ အရင်းရော အမြတ်ပါ မရလို့ အလုပ်သမားတွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အစုရှယ်ယာ ၀ယ်ယူသူ မြန်မာအလုပ်သမားပေါင်း ၂ ထောင်ကျော်ရှိပြီး ဆုံးရှုံးငွေ ဘတ်သန်းပေါင်း ၃၀ နီးပါး ရှိတယ်လို့ ငွေလိမ်ခံရသူတွေက ပြောပါတယ်။

ဒုစရိုက်နှိမ်နင်းရေးဌာနက ကုမ္ပဏီပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရောင်းချပြီး သူတို့ ဆုံးရှုံးငွေတွေ ပြန်လျော်ပေးမယ်လို့ ကိုကျော်လင်းဦးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013