DVB Logo
Home
မြန်မာသတင်း
အစိုးရ၏ ငြိမ်းချမ်းရေးအပေါ် သံသယရှိကြောင်း UNFC ထုတ်ပြန်ကြေညာ
DVB
·
October 24, 2014
အစိုးရ၏ ငြိမ်းချမ်းရေးအပေါ် သံသယရှိကြောင်း UNFC ထုတ်ပြန်ကြေညာ
Donate to DVB

မြန်မာ့တပ်မတော်အနေနဲ့  တိုင်းရင်းသားဒေသတွေမှာ စစ်ရေးပြင်ဆင်မှုတွေ အသားစီးယူ လုပ်ဆောင်နေတာဟာ လက်ရှိလုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှု ရှိမရှိ သံသယဖြစ်လာနေရတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အောက်တိုဘာလ ၂၀ ကနေ ၂၂ ရက်နေ့အထိ ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာ  ပြုလုပ်တဲ့ ယူအန်အက်ဖ်စီ ပထမဆုံးအကြိမ် မျက်နှာစုံညီ အစည်းအဝေးမှာ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ ဘဏ်ရေး၊ ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

unfc-300x232ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ယူအန်အက်ဖ်စီ ကြေညာချက်မှာတော့  မြန်မာအစိုးရတပ် တွေက ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်တွေမှာ  စစ်ရေးတွေ စဉ်ဆက် မပြတ်လုပ်နေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ တခြား တိုင်းရင်သား ပြည်နယ်တွေမှာလည်း စစ်ရေးပြင်ဆင်မှုတွေကို အသားစီးယူ လုပ်ဆောင်နေတာတွေကို ထောက်ပြပြီး  ပြည်တွင်း ငြိမ်းချမ်းရေး အတွက် သံသယဖြစ်လာ နေတယ်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ရပ်တန့်သွားနိုင်တဲ့ အနေအထားရှိတဲ့အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်းအဖြေရှာဖို့တိုတွန်းထားတယ်လို့  ယူအန်အက်ဖ်စီရဲ့ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ပြောပါတယ်။

“မကြာသေးခင်ကလည်း ကြေညာချက်တစောင်ထွက်ပါတယ်။ အဲဒီ ကြေညာချက်မှာ ကျနော်တို့က အစိုးရကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ ကျနော်တို့ တိုက်တွန်းထား တာ ရှိပါတယ်။  အဲဒီထုတ်ပြန်လိုက်တဲ့ကျနော်တို့ ကြေညာချက်ကို အခြေပြုပြီးတော့ အခုဆက်ပြီးတော့ ကျနော်တို့ သုံးသပ်မှုတွေ လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ တောင်းဆိုမှုဟာ ကနေ့အထိ အစိုးရဖက်က သိသာမြင်သာတဲ့ အရေးယူဆောင်ရွက်မှုတွေ ကျနော်တို့ မတွေ့ရသေးလို့ပါ။  တခါ ကျတော်တို့ သတင်းတွေနဲ့ အမျိုးမျိုး ကြားတယ်ပေါ့နော်။ ဥပမာ ကာချုပ်က အမြင်အမျိုးမျိုးနဲ့ ပြောဆိုနေတာ ကြားရတယ်။ နောက်အစိုးရဖက်ကလည်း ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အမြင်အမျိုးမျိုးတွေ ပြောနေတာကို ကျနော်တို့ ကြားရတဲ့အပေါ်မှာ ပိုပြီး စိုးရိမ်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တွေ့ဆုံဆွေးနွေးမှု ရပ်တန့်သွားမှာကို ကျနော်တို့ဖက်က စိုးရိမ်ပါတယ်။ ဒါကို အစဉ်အဆက်မပြတ် သွားစေချင်တာပါ။ ”

ဒါ့အပြင် မြန်မာပြည်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေနဲ့ တိုင်းရင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အခြေအနေနဲ့ လက်ရှိ လုပ်ဆောင် နေတဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ညှိနှိုင်းဆွေးနွေးမှု အခြေအနေတွေကို သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့လည်း ယူအန်အက်ဖ်စီရဲ့ ထုတ်ပြန်ချက် ဖော်ပြထားပါတယ်။

ယူအန်အက်ဖ်စီဟာ ၂၀၁၁ ခုနှစ်က  လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့နဲ့ ပူးပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။  သူတို့ရဲ့ ပထမဆုံး ညီလာခံပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ ကျင်းပပြီးစီး သွားခဲ့ပြီးနောက်  အဲဒီ ညီလာခံကနေ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူက ယာယီ နှုတ်ထွက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013