DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် AA ရိုးမတလျှောက်တွင် တိုက်ပွဲပြင်းထန်နေ
DVB
·
January 21, 2025
စစ်ကောင်စီတပ်နှင့် AA ရိုးမတလျှောက်တွင် တိုက်ပွဲပြင်းထန်နေ
Donate to DVB

ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်း အစပ်နဲ့ ရခိုင်ရိုးမ-ဧရာဝတီတိုင်း အစပ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ အာရက္ခတပ်တော် (AA)  ဇန်နဝါရီ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီး ပတ်ဝန်းကျင် အမ်း-ပဒါန်း ကားလမ်းမအနီးမှာ အပြန်အလှန် ထိုးစစ်၊ ခံစစ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ တပတ်ကျော်ခန့် ကြာမြင့်လာပြီလို့ AA က ဆိုပါတယ်။

စစ်ကောင်စီဟာ တပ်မ ၈၈၊ ၉၉ လက်အောက်ခံတပ်ရင်းတွေ၊ မကွေး၊ ကပစ စက်ရုံတွေက တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ တပ်ရင်းတွေနဲ့ ဇန်နဝါရီ ၁၁ ရက်ကတည်းက နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေ နေထိုင်ကြတဲ့ နေရာတွေကို အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်လာပေမဲ့ အထိအခိုက် အကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးနေကြရပြီး တပတ်ကျော်ကြာ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်သားအလောင်း အမြောက်အမြားနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိထားပြီး သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ AA က ဆိုပါတယ်။

စစ်ကောင်စီက ရိုးမတလျှောက်ကို အခုလို ထိုးစစ်ဆင် တိုက်ခိုက်လာနေတာဟာ ဆုံးရှုံးသွားတဲ့ နပခကို ပြန်လည်ရရှိဖို့နဲ့ ကပစ စက်ရုံတွေကို ကာကွယ်ဖို့ လုပ်ဆောင်လာတာလို့ ရခိုင်စစ်ရေး အကဲခတ်တယောက်က ပြောပါတယ်။

“ရခိုင်ရိုးမနဲ့ ပဲခူး၊ မကွေးရိုးမတွေမှာ စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်လာတာဟာ ပထမတချက် ကပစ စက်ရုံတွေကို ကာကွယ်ဖို့နဲ့ ဒုတိယတချက် နပခကို ပြန်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာ ဖြစ်တယ်။ အဓိက ကပစ စက်ရုံတွေ လုံခြုံဖို့ ပဲခူးနဲ့ မကွေးအစပ်မှာ ခံစစ်ပြင်ဖို့ ကြိုးပမ်းနေတာလို့ ယူဆရတယ်။ နောက် သူတို့ဆုံးရှုံးသွားတဲ့ နပခ ဌာနချုပ်ကို အရတိုက်ယူဖို့ ကြိုးပမ်းလာခြင်းဖြစ်နိုင်တယ်။”

ဒ့ါအပြင် ရခိုင်-ဧရာဝတီတိုင်း အစပ်မှာရှိတဲ့ နေရာတချို့နဲ့ ပွိုင့် ၃၆၉ ကုန်း အပါအဝင် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေပါတယ်။

ရခိုင်ပြည်နယ်မှာ သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ မြို့ကြီး ၃ မြို့ဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့မှာလည်း စစ်တွေမြို့နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာတွေနဲ့ ပစ်ခတ်နေသလို လေကြောင်း၊ ရေကြောင်းတွေကလည်း နေ့စဉ် ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေပါတယ်။

စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် အခြေစိုက်ထားတဲ့ စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဝါဘိုကျေးရွာအတွင်းမှာရှိတဲ့ အရပ်သားလူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်တွေမြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက်က စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်း နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရခိုင်တိုက်ပွဲ တနှစ်ကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခု သိမ်းပိုက်ထားပြီး လက်ရှိမှာ ဧရာဝတီတိုင်းအထိ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013