DVB Logo
Home
နိုင်ငံတကာ
ဆယ်စုနှစ်အတွင်း ထရီလျံနာ ၅ ဦးအထိ ပေါ်ပေါက်လာနိုင်ဟု Oxfam အဖွဲ့ခန့်မှန်း
DVB
·
January 21, 2025
ဆယ်စုနှစ်အတွင်း ထရီလျံနာ ၅ ဦးအထိ ပေါ်ပေါက်လာနိုင်ဟု Oxfam အဖွဲ့ခန့်မှန်း
Donate to DVB

၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့  ကြွယ်ဝမှုဟာ “ထင်မှတ်မထားလောက်အောင်” ထပ်တိုးလာခဲ့တယ်လို့ Oxfam အဖွဲ့ရဲ့ နောက်ဆုံး နှစ်ပတ်လည်အစီရင်ခံစာအရ သိရပါတယ်။

မနှစ်က ဘီလီယံနာတွေရဲ့ နှစ်အလိုက်ကြွယ်ဝမှုကို ဒုတိယအများဆုံး တိုးတက်စေခဲ့တဲ့ကာလ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီသူဌေးကြီးတွေဟာ အမွေဆက်ခံတာမျိုး အပါအဝင် အာဏာရှိသူတွေနဲ့ ဆက်စပ်မှုကနေ အကျိုးအမြတ် ရလာတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် လာမယ့် ၁၀ နှစ်အတွင်း ထရီလျံနာ ၅ ယောက်ထက်မနည်း ပေါ်ထွက်နိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

၁၂ လတာကာလအတွင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့ စုစုပေါင်းပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁၃ ထရီလျံကနေ ၁၅ ထရီလျံအထိ မြင့်တက်ခဲ့တာပါ။

ကမ္ဘာလုံးဆိုင်ရာ ပရဟိတအဖွဲ့ Oxfam ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ အာမီတာ ဘီဟာ ကတော့ “ကမ္ဘာ့စီးပွားရေးအပေါ် အခွင့်ထူးခံလူနည်းစုရဲ့ လက်ဝါးကြီးအုပ်မှုဟာ မဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့ အတိုင်းအတာအထိ ရောက်လာခဲ့ပါပြီ။ ဘီလျံနာ သူဌေးတွေကို မထိန်းချုပ်နိုင်တဲ့အတွက် မကြာခင် ထရီလျံနာတွေ ဖြစ်လာတော့မယ်” လို့  မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် ဘီလျံနာတွေရဲ့ ကြွယ်၀မှုနှုန်းဟာ ၃ ဆအထိ မြင့်တက်လာရုံသာမက လွှမ်းမိုးနိုင်စွမ်းအာဏာပါ တိုးပွားလာနေတယ် ဆိုပြီး ဖြည့်စွက်ပြောပါတယ်။

၁၉၉၀ ပြည့်နှစ်ကစလို့ ဆင်းရဲနွမ်းပါးသူ အရေအတွက်ကိုတော့ သိပ်ပြောင်းလဲမှု မရှိတဲ့အကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကြွယ်၀မှု စုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းနီးပါးကို အချမ်းသာဆုံး  ၁ ရာခိုင်နှုန်းကသာ ပိုင်ဆိုင်ထားပြီး လူဦးရေစုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းဟာ ကမ္ဘာ့ဘဏ်သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှုမျဉ်း အောက်မှာ ရှိနေပါတယ်။

ဒါဟာ ဘီလျံနာတယောက်ဖြစ်တဲ့ ဒေါ်နယ် ထရန့်ပ်က အိမ်ဖြူတော်ကို ပြန်ရောက်လာချိန်ဖြစ်တဲ့ အပြင် နိုင်ငံပေါင်း ၁၃၀ ကျော်ရဲ့ ခေါင်းဆောင် အယောက် ၃,၀၀၀ ကပါ ဒါးဗို့စ်မြို့မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ရှိနေချိန် ဖြစ်ပါတယ်။

Tesla ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သလို ထရန့်ပ်ရဲ့ မဟာမိတ်လည်းဖြစ်တဲ့ အီလွန်မတ်စ်ခ်ရဲ့  ပိုင်ဆိုင်မှုဟာလည်း ဒေါ်လာ ၄၄၀ ဘီလီယံအထိ ရှိနေပြီဖြစ်တာကြောင့် ၂၀၂၇ အရောက်မှာ ကမ္ဘာ့ပထမဆုံး ထရီလျံနာ ဖြစ်လာနိုင်တယ်လို့  ဆိုပါတယ်။

သမ္မတဟောင်း ဂျိုးဘိုင်ဒင် ကတော့ “အမေရိကမှာ အလွန်အမင်း ချမ်းသာပြီး အာဏာနဲ့ လွှမ်းမိုးမှုရှိတဲ့ လူနည်းစုသူဌေးကြီးတွေ ပိုပြီး အရာရောက်လာတာကို သတိထားဖို့အတွက်” ရာထူးကမဆင်းခင် ပြောကြားသွားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013