DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ချည်ထည်လိပ်ထဲထည့်ထားသည့် အိုက်စ်မူးယစ်ဆေး ၁ တန်ခွဲကျော် ဖမ်းမိ 
DVB
·
January 21, 2025
ထိုင်းတွင် ချည်ထည်လိပ်ထဲထည့်ထားသည့် အိုက်စ်မူးယစ်ဆေး ၁ တန်ခွဲကျော် ဖမ်းမိ 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ရတ်ပူရန နယ်မြေထဲမှာ ချည်ထည်နဲ့ဂွမ်းကပ်လိပ်တွေထဲ ထည့်သွင်းထားတဲ့ အိုက်စ်မူးယစ်ဆေးဝါးအလေးချိန် ၁၆၅၀ ကီလိုဂရမ် (တန်ချိန် ၁ တန်ခွဲကျော်) ဖမ်းဆီးရမိတယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၀ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံခြားသင်္ဘောကနေ တင်ပို့လာတဲ့ ချည် ထည်ဂွမ်းထည် အလိပ်တွေကို သင်္ကာမကင်းဖြစ်တာကြောင့် မူးယစ်ဆေးဝါးရဲတပ်ဖွဲ့က အချိန် ၁ လကျော်ကြာ စုံစမ်းထောက်လှမ်းမှုတွေပြုပြီး ဘန်ကောက် ရတ်ပူရနနယ်မြေ ဘန်ပကောက်ရပ်ကွက်ရှိ ဂိုဒေါင်တလုံးကို သွားရောက်ပြီး ပြန်လည်စစ်ဆေးခဲ့ကြတယ်လို့ ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့  ဒုရဲချုပ် ဖာနုရတ် လတ်ဘွန်းက ပြောပါတယ်။ 

အဆိုပါဂိုဒေါင်ထဲမှာ ဂွမ်းထည်၊ ချည်ထည်အလိပ်ပေါင်း ၁၄၀ ရှိပြီး  ၃၃ လိပ်ထဲမှာ အိုက်စ်မူး ယစ်ဆေးတွေ ထည့်သွင်းထားတယ်၊  မူးယစ်ဆေးတွေ ချည်သားထဲ စိမ့်ဝင်အောင် စီမံပြုလုပ် ထားတယ်၊ အဲဒီထဲကနေ အိုက်စ်ဆေး အလေးချိန်စုစုပေါင်း ၁၆၅၀ ကီလိုဂရမ် (၁ ဒဿမ ၆၅ တန်) ကို သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။ 

အဆိုပါပစ္စည်းတွေဟာ အာဖရိကတိုက်ကနေ ပို့လာပြီး ထိုင်းအမျိုးသမီးတဦးက သူ့လိပ်စာနဲ့ လက်ခံထားတယ်၊ အထည်အလိပ်ထားတဲ့ ဂိုဒေါင်ကိုလည်း သူမကပဲ ငှါးရမ်းထားတာ ဖြစ်တယ်။  အိန္ဒိယနိုင်ငံကို ပို့ဆောင်ဖို့ဖြစ်ပေမယ့် ဘယ်လိုအကြောင်းကြောင့် ထိုင်းနိုင်ငံမှာ လာချထားတယ်ဆိုတာတော့ မစစ်ဆေးရသေးဘူး။  ရေကြောင်းကနေ ရောက်လာလာချင်း အကောက်ခွန်ဌာနက မူးယစ်ဆေးပါမှန်း မသိတာကတော့ အထည်လိပ်တိုင်းမှာ ထည့်သွင်းထားတာမဟုတ်လို့ လွတ်လာတာဖြစ်တယ်၊ မူးယစ်ဆေးထည့်လာတကို သာမန်မျက်စိနဲ့ မသိနိုင်ဘူး၊ ဓာတ်ခွဲခန်းကိုပို့မှ သိရတယ်။  ဒါပေမဲ့ အရောင်တွေက မတူတာကြောင့် နောက်ပိုင်းဆက်လက်စုံစမ်းထောက်လှမ်းဖမ်းဆီးတာ၊ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေဟာ  အသွင်အမျိုးမျိုးနဲ့ သယ်ဆောင်ကြတယ်၊ အရင်တခေါက်က ပန်းချီကားချပ်အနောက်မှာ ထည့်ပြီးသယ်ဆောင်ပြီး ဒီတခေါက်ကတော့ အထည်အလိပ်ထဲ ထည့်လာတယ်၊ ခုလိုအထည်စထဲမှာ မြှုပ်နှံသယ်ဆောင်လာတာကတော့ ပထမဆုံးတွေ့ဖူးတာလို့ ဒုရဲချုပ်က ပြောသွားပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီးတဦးနဲ့ ထိုင်းလူငယ် ၄ ဦးတို့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပြီးခဲတဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလထဲက ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင် အဝေးပြေးလမ်းမပေါ်မှာ စိတ်ကြွဆေး ၆ သိန်း နဲ့ အိုက်စ်ဆေး ၄၁ ကီလိုဂရမ် ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့  အဓိကတရားခံဖြစ်သူ နိုင်းဖုန်းဆဒ်ဒီကို ဇန်နဝါရီ ၁၃ ရက်က ထိုင်းအရှေ့မြောက်ပိုင်း လာအိုနယ်စပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းစာရှင်းပွဲမှာ ဆက်ပြောပါတယ်။ 

သူဟာ တဘက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားစဉ် ဖမ်းမိတာဖြစ်ပြီး သူတို့ဂိုဏ်းနဲ့ ပတ် သက်နေတဲ့ နေရာ ၄ နေရာက ပိုင်ဆိုင်မှု စုစုပေါင်း ဘတ်သန်းပေါင်း ၂၀ ကျော်ကို သိမ်းဆည်းခဲ့တယ်။  

အဆိုပါနေရာတွေဟာ  နွန်ထပူရီ၊ ပထုန်ဌာနီ၊ အန်ထောင်း နဲ့ တာ့ခ်ခရိုင်ထဲမှာ တည်ရှိပြီး သိမ်း ဆည်းလိုက်တဲ့ထဲမှာ အိမ်၊ ခြံမြေ၊ စားသောက်ဆိုင်၊ မော်တော်ကား၊ ရွှေထည် လက်ဝတ်လက်စားနဲ့ ဘဏ်ငွေစုစာအုပ်တွေ ပါဝင်တယ်လို့  ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ‌ ပြောသွားပါတယ်။ 

ကိုးကား - Thairath News / workpoint News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013