DVB Logo
Home
မြန်မာသတင်း
NUG သာ မြန်မာအစိုးရဖြစ်ဟု ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်ထံ သဝဏ်လွှာပို့  
DVB
·
January 21, 2025
NUG သာ မြန်မာအစိုးရဖြစ်ဟု ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်ထံ သဝဏ်လွှာပို့  
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရဟာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရဖြစ်ကြောင်း NUG ယာယီသမ္မတ  ဒူဝါလရှီးလက အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ထံ  ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားလိုက်ပါတယ်။

၂၀၂၅ ခုနှစ်ဟာ အလှည့်အပြောင်းနှစ်ဖြစ်ကြောင်း၊ ခုအခါ စစ်တပ်ဟာ တိုင်းပြည်ရဲ့ နယ်မြေထဲက ၂၅ ရာခိုင်နှုန်းထက် လျော့နည်းပြီးသာ ထိန်းချုပ်ထားနိုင်ကြောင်း စစ်ကောင်စီကင်းစင်သွားတဲ့နေရာမှာ NUGနဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေဟာ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တရားမဝင်အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေတာဟာ မြန်မာနိုင်ငံ​အခြေအနေတွေအတွက် နိုင်ငံရေး အဖြေတခုဖြစ်လာမှာ မဟုတ်ဘဲ မြန်မာနိုင်ငံ အတွင်း အကြမ်းဖက်မှုတွေ ပိုများလာစေပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ မတည်မငြိမ်ဖြစ်စေမယ်လို့  ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ 

ဇန်နဝါရီ ၇ ရက်က ပေးပို့တဲ့ သဝဏ်လွှာမှာ မလေးရှားနိုင်ငံ​ရဲ့ ၂၀၂၅ အာဆီယံ ဥက္ကဋ္ဌ အဖြစ် သက်တမ်းစတင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ မလေးရှားပြည်တွေအတွက် နှစ်သစ်ကူးဆုတောင်းကို ဖော်ပြထားကာ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မြဲဖို့ အရေးပါပြီး အာဆီယံမှတဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အတူလက်တွဲလုပ်ဆောင်ဖို့လည်း ပြောထားပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံ တာဝန်ကျတာဟာ မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ သဘောထားကို ဖော်ဆောင်နိုင်မယ့် ရှင်းလင်းပြတ်သားတဲ့ ခြေလှမ်းပေါ်ပေါက်ရေးအတွက် အခွင့်အလမ်းသစ်တခုဖြစ်စေတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံဟာ ၂၀၂၅ အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူနေတာ ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေက  လန်ကာဝီမြို့မှာ  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲတွေကျင်းပခဲ့ပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲအစား တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြီး ပစ်ခတ်တိုက်ခိုက် အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ဦးစားပေးလုပ်ဖို့နဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေပေး ခွင့်ပြုပေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဟောင်း အော့သ်မန် ဟာရှင်ကိုလည်း မလေးရှားအစိုးရက ခန့်အပ်တာဝန်ပေးထား ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013