DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူများဒဏ်ရာရ၊ ကျောင်းနှင့် လူနေအိမ်များ ပျက်စီး
DVB
·
January 21, 2025
စစ်ကိုင်းတိုင်း၌ စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူများဒဏ်ရာရ၊ ကျောင်းနှင့် လူနေအိမ်များ ပျက်စီး
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တောင်ခြမ်း မုံရွာနယ်အစပ်မှာရှိတဲ့ ရွာရှည်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၆ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နွား ၂ ကောင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ရွာရှည်ရွာသားတယောက်က ပြောပါတယ်။

“ကျနော်တို့ရွာဘက်မှာ ဘာစစ်ကြောင်းမှလည်းမရှိဘူး။ ဘာတိုက်ပွဲမှလည်း မရှိဘူး။ သူတို့ပစ်ချင်လို့ကို ရမ်းသန်းပစ်တာဗျ။ ကျနော်တို့ ပြည်သူတွေဘဝက လုံခြုံမှုမရှိဘဲ ရင်တထိတ်ထိတ်နဲ့ အသက်ရှင်နေကြရတာပါဗျာ။ ညလည်း ကောင်းကောင်းမအိပ်ရ၊ နေ့လည်း ကောင်းကာင်းအလုပ်မလုပ်ရနဲ့ ကြာကြာနေရင် လူတွေလည်း သူ့အလိုလို သေကုန်ကြရတော့မယ်။ အခုလည်း စစ်တပ်ကပစ်တဲ့ လက်နက်ကြီးတလုံး ရွာထဲကျတယ်။ ၆ နှစ်တဦးကတော့ လက်ကို ကျည်စထိမှန်ပြီး ဒဏ်ရာရတယ်။ လက်က ကျိုးသွားတာလားမသိဘူး။ နောက်ထပ် အသက် ၃၀ ကျားတဦး၊ အသက် ၄၀ မတဦးလည်း ကျည်စထိမှန် ဒဏ်ရာရတယ်ဗျ။ အခုတော့ အားလုံး ဆေးရုံကို ဆေးကုသဖို့ သွားကြရတယ်။ နွား ၂ ကောင်လည်း ကျည်စထိမှန်ပြီး သေဆုံးရတယ်။”

ဘုတလင်မြို့နယ်အတွင်း နမခစတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ဇီးတောရွာနဲ့ မြို့ပေါ်ရွာက ပြည်သူတွေလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ် ပအဖ တာဝန်ရှိသူတယောက်က “စစ်တပ်ကတော့ဗျာ ဒီလို ရမ်းသန်းပြီး ပစ်ခတ်တာ အခုမှမဟုတ်ပါဘူး။ သူတို့ အာဏာသိမ်းပြီးချိန်ကစလို့ ပြည်သူကို ရန်သူလို သဘောထားနေတာဗျ။ ကျနော်တို့ ဘုတလင်မြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ သေဆုံးသူတွေလည်း မနည်းတော့ပါဘူး။ မြို့ပေါ်ရွာ၊ ဇီးတောရွာတို့ဆိုရင် သူတို့ပစ်ခတ်လို့ သေတဲ့သူတွေလည်း ရှိတယ်။ နမခစစ်တပ်နဲ့လည်း နီးတော့ သူတို့ပစ်တိုင်း အနီးအနားက ရွာတွေစီ ကျပြီး အခုလို သေကြရတာ။ စစ်တပ်က အဲလိုလုပ်တိုင်း ပြည်သူက စစ်တပ်ကို မုန်းလေပါပဲ။ ကျနော်တို့ကတော့ ဒီစစ်တပ် အမြစ်ပြတ်အောင် တိုက်သွားမှာပဲ” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း နမခစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့သလို ဘုတလင်မြို့ပေါ်က စစ်သားတွေကလည်း သပြေပင်ရွာကို ဝင်ရောက်ပြီး အရပ်သား အများအပြားကို ဘုတလင်မြို့ပေါ်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

ရွှေဘိုမြို့နယ်၊ ကင်းဗျားကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းမှာဝင်ရောက်ပြီး  လူနေအိမ်တွေနဲ့ စာသင်ကျောင်းကို မီးရှို့သွားတယ်လို့ ရွှေဘို ပအဖ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဇန်နဝါရီ ၁၉ ရက် မနက် ၄ နာရီကျော်မှာ ရွှေဘို ခလရ ၄၂ ကနေ ကင်း‌‌ဗျားကျေးရွာဘက် ထွက်လာတာဖြစ်ပြီး တိုက်ပွဲဖြစ်ပြီးနောက် ရွာကိုဝင်ရောက် မီးရှို့သွားတာလို့  သိရပါတယ်။

ကင်းဗျားရွာ ပအဖအဖွဲ့ဝင်တယောက်က “သူတို့ထွက်လာပြီး ကင်းဗျားရွာအနီးအရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ကြသေးတယ်။ တိုက်ပွဲကြာချိန်က နာရီဝက်၊ တနာရီနီးပါးခန့် ကြာမယ်ဗျ။ စစ်တပ်ဘက်က ရွှေဘို အထိုင်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်။ အဲလိုပစ်ကူပေးပြီး သိပ်မကြာဘူး တိုက်ပွဲက ပြီးသွားတယ်။ ရွာသားတွေကတော့ ထုံးစံအတိုင်းပဲ စစ်တပ်စစ်ကြောင်းလာပြီ အသံကြားတာနဲ့ ရွာထဲကနေ အကုန်ထွက်ပြေး စစ်ရှောင်ကြရတယ်” လို့ ပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကင်းဗျားရွာအတွင်း ဝင်ရောက်ကာ စာသင်ကျောင်းဆောင်နဲ့ ပြည်သူ့နေအိမ် ၄ လုံးကို မီးရှို့သွားတယ်လို့လည်း သိရပါတယ်။

ရွှေဘိုဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ကိုရှမ်းကြီးက “စစ်တပ်ဘက်က အင်အား ၅၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်ဗျ။ အဲဒါကို ကျနော်တို့ဘက်က အသင့်စောင့်ပြီး တိုက်ခဲ့တာပါ။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ကူတာကြောင့် ကျနော်တို့ နောက်ဆုတ်လိုက်တာဗျ။ တိုက်ပွဲအတွင်းမှာတော့ စစ်တပ်ဘက် အကျအဆုံးကိုတော့ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကင်းဗျားရွာကို မီးရှို့ပြီး တပ်ပြန်ဆုတ်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကင်းဗျားရွာဟာ ရွှေဘိုမြို့နဲ့ ၃ မိုင်ကျော်ဝေးတဲ့ ကျေးရွာတရွာဖြစ်သလို အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။

ကင်းဗျားရွာကို စစ်တပ်က မီးရှို့တာဟာ လက်ရှိအကြိမ် အပါအဝင် ၃ ကြိမ်အထိရှိနေပြီး ၂၀၂၃ ခုနှစ်အတွင်းက ၂ ကြိမ် မီးရှို့ခဲ့တာဟာ လူနေအိမ်ခြေ ၉၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ  ယင်းမာပင်မြို့နယ်မှာလည်း ဇန်နဝါရီ ၁၉ ရက် ည ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စားသုံးဆီကြိတ်စက်ရုံ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ရင်းမြစ်ဌာနေ (တပ်ရင်း ၂၇ သတင်းဆက်သွယ်နဲ့ ပြန်ကြားရေးဌာန) ရဲ့ ပြန်ကြားရေး တာဝန်ရှိသူက “အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ယင်းမာပင်မြို့နယ်ထဲက ကျောက်မှော်ရွာထဲကိုကျပြီး စားသုံးဆီကြိတ်စက်ရုံ မီးလောင်ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ လူနေအိမ်တချို့က အုတ်တံတိုင်းတွေလည်း ပြိုကျ ပျက်စီးကုန်ပါတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၄ ရက်က စတင်ပြီး နမခ ကနေ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ယင်းမာပင်မြို့နယ်ထဲက ဒေသခံပြည်သူ ၇ ယောက်ထက်မနည်း ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

ရင်းမြစ်ဌာနေ (တပ်ရင်း ၂၇ သတင်းဆက်သွယ်နဲ့ ပြန်ကြားရေးဌာန) တာဝန်ရှိသူတယောက်က “၁၉ ရက်နေ့ ညပိုင်းမှာ နမခ ထဲကနေ လက်နက်ကြီးနဲ့ ပစ်လိုက်တာက ၇ ကြိမ်အထိ ရှိခဲ့တယ်လို့ သိရတယ်။ အဲဒီထဲကမှ ကျောက်မှော်ရွာထဲကို ကျတာဖြစ်တယ်။ လူထိခိုက်သေဆုံးတာတွေတော့ မရှိဘူးလို့တော့ သိရတယ်ဗျ” လို့ ပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် ညပိုင်းမှာ Chindwin Rocket Brothers (CRB) နဲ့ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြလို့ စစ်တိုင်းမှူးရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ကောင်းခန့်ဇော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်ခန့် သေဆုံးခဲ့သလို အဆောက်အဦတချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013