DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်နှင့် ကိုးကန့် MNDAA အပစ်ရပ်ရန် သဘောတူဟု တရုတ်ပြော
DVB
·
January 20, 2025
မြန်မာစစ်တပ်နှင့် ကိုးကန့် MNDAA အပစ်ရပ်ရန် သဘောတူဟု တရုတ်ပြော
Donate to DVB

မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့ ဇန်နဝါရီ ၁၈ ရက် ကစတင်တဲ့ အပစ်အခတ်ရပ်စဲရေး တရားဝင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီလို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

နှစ်ဖက်လုံးဟာ တရုတ်နိုင်ငံ အနောက်တောင်ဘက်က ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး  တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မောင်နင်းက  တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေ တည်ငြိမ်လာတာဟာ မြန်မာနိုင်ငံက အဖွဲ့အသီးသီးနဲ့ ဒေသတွင်းနိုင်ငံတွေအားလုံးရဲ့ အကျိုးစီးပွားဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုတယ်လို့ မောင်နင်းက  ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်တိုးမြှင့်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကူညီထောက်ပံ့မှုတွေ ပေးသွားမယ်လို့လည်း ဆိုပါတယ်။

MNDAA ၂၀၂၃ ခုနှစ် အောက်တိုဘာနှောင်းပိုင်းကစလို့ ၁၀၂၇ စစ်ဆင်ရေးအဖြစ် မြန်မာစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ လောက်ကိုင်၊ ချင်းရွှေဟော်စတဲ့ တရုတ်နယ်စပ်အနီးက နယ်မြေတွေအပြင် လားရှိုးမြို့ကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ စစ်အာဏာရှင်ဆန့်တော်လှန်နေတဲ့တပ်ဖွဲ့တွေဟာ အရေးပါတဲ့ နယ်စပ်ဒေသတွေကနေ မြန်မာစစ်တပ်ကို မောင်းထုတ်နိုင်ခဲ့ပြီး အလယ်ပိုင်းက မန္တလေးမြို့ဘက်ထိ ချီတက်နိုင်နေတာကို တရုတ်နိုင်ငံက စိုးရိမ်နေတယ်လို့ သုံးသပ်ကြပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂,၀၀၀ ကျော်ရှည်လျားတဲ့ နယ်စပ်တလျှောက်မှာ မငြိမ်မသက်ဖြစ်လာရင် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကို ထိခိုက်မှာကို စိုးရိမ်နေပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၄ ဇန်နဝါရီလက မြောက်ပိုင်းနယ်စပ်ဒေသအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့  ကြားဝင်ညှိနှိုင်းပေးခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013