
ယူကရိန်းနိုင်ငံတောင်ပိုင်း၊ ဇာပိုရီးရှားဒေသက လူသားချင်းစာနာမှု အကူအညီဝေငှတဲ့ နေရာကို နိုဝင်ဘာ ၂ ရက်မှာ ရုရှားက ဗုံးကြဲခဲ့လို့ လူ ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ကိုမစ်ရှူဗာခါရွာကို ရုရှားတပ်က တလုံးကို အလေးချိန် ၃,၀၀၀ ကီလိုဂရမ်၊ ၃ တန်ရှိတဲ့ လေကြောင်းဗုံး အနည်းဆုံး ၉ လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။
ပထမအကြိမ် တိုက်ခိုက်မှုမှာ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် အသုံးပြုနေတဲ့ စာသင်ကျောင်းကို ဗုံးထိမှန်ခဲ့ပြီး လူတွေ ခိုလှုံနေတဲ့ နေရာကိုလည်း ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကယ်ဆယ်ရေးဝန်ထမ်း ၂ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက် ပါဝင်ပြီး နောက်ထပ် ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အစောပိုင်းမှာ လူ ၂၇ ယောက် ပျောက်ဆုံးနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး အပျက်အစီးတွေ အောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေပါတယ်။
ဒါပေမဲ့ အနီးဝန်းကျင်မှာ ရုရှားဒရုန်းတိုက်ခိုက်မှုတွေ ဆက်ရှိနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကြိမ်ကြိမ် ရပ်နားခဲ့ရပါတယ်။
ဒေသခံတွေဟာ ဒီနေရာမှာ တနင်္လာနေ့တိုင်း လူသားချင်းစာနာမှု အကူအညီတွေ လာရောက်ယူနေကြတာကို ရုရှားဘက်က မသိဘဲ မနေဘူးလို့ ဇလန်းစကီးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ရုရှားက တင်းမာမှုလျှော့ချဖို့ ဆန္ဒမရှိဘူးဆိုတာ နောက်ထပ် သက်သေပြလိုက်တာပဲလို့လည်း ဇလန်းစကီးက ပြောပါတယ်။
ရုရှားစစ်တပ်ကတော့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တစုံတရာ မပြောသေးပါဘူး။ ဇာပိုရီးရှားဒေသမှာတော့ နိုဝင်ဘာ ၃ ရက်ကို ဝမ်းနည်းအောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ထားပါတယ်။
Source: Reuters











