
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ၈ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ နေရပ်ရွှေ့ပြောင်းလာသူတွေ ဧည့်စာရင်းလာတိုင်ပါက တယောက်ချင်းစီကို ကျပ်ငွေ ၅,၀၀၀ အထိ တောင်းယူနေတဲ့အပြင် အိပ်ခန်းအထဲထိ ဧည့်စာရင်းဝင်စစ်နေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက်ကစပြီး နေရပ်ရွှေ့ပြောင်းလာသူတွေမှာ စာရွက်စာတမ်း အစုံအလင် မရှိပါက ဧည့်စာရင်းတိုင်ကြားခွင့် လက်မခံတော့သလို ထောက်ခံစာမှန်သမျှ မပေးကြတော့ပါဘူး။
ရပ်ကွက်နေသူတယောက်က “ဧည့်စာရင်းစစ်တာ ရဲတွေရော၊ စစ်သားတွေရော တော်တော်များတယ်။ လမ်းမှူးလည်း တွေ့တယ်။ မိန်းကလေးအဆောင်ကို ည ၁၀ နာရီလောက်ပဲ ရှိသေးတယ် တက်စစ်တာ။ အိပ်ခန်းရော အိမ်သာတွေရော အကုန်ဝင်ကြည့်တယ်။ သူတို့ဝင်လာတော့ ခြင်ထောင်တွေ အကုန်ဖြုတ်၊ လူတွေလည်း ကြောက်လန့်တကြား ဖြစ်ကုန်တာ။ ဧည့်စာရင်းရက်ကျော်တွေ မိသွားတယ်။ အခု တခန်းမှာ ၃ ယောက်ရှိလို့ သွားတိုင်ရင် တယောက်ကို ၅,၀၀၀ အဲလိုပေးရတာ။ ၂ ပတ်တခါ” လို့ ပြောပါတယ်။
ဧည့်စာရင်းရက်ကျော်တွေကို ကျပ်ငွေ ၁၀,၀၀၀၊ ဓာတ်ဆီတဘူးနဲ့ သဲအိတ်တအိတ်ဖိုး ဒဏ်ရိုက်နေပြီး ဧည့်စာရင်းစစ်နေချိန် ရက်ကျော်တဲ့သူတွေက ယောကျ်ားလေးဖြစ်ပါက ရုံးခန်းခေါ်ကာ ထိပ်တုံးတညခတ်ပြီးမှ ပြန်လွှတ်နေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအစပ်အထိ အာရက္ခတပ်တော် (AA) နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲမဖြစ်ခင်က ၁၄/ မှတ်ပုံတင်ကိုင် ဧရာဝတီတိုင်းနေသူတွေက ရန်ကုန်ကို သွားရေးလာရေး လွယ်ကူပေမဲ့ ဇန်နဝါရီလကစပြီး ပန်တိုင်စစ်ဆေးရေးဂိတ်မှာ သေချာစစ်ဆေးမေးမြန်းတာတွေ ခံနေရပါတယ်။
ဧရာဝတီတိုင်းက ပြောင်းရွှေ့လာသူတယောက်က “အဝေးပြေးမရောက်ခင် လမ်းမှာ တားစစ်သေးတယ်။ ပန်တိုင်စစ်ဆေးရေးဂိတ်။ မှတ်ပုံတင်အကုန်ထုတ်ပြရတယ်။ ဘာလာလုပ်တာလဲ၊ ဒီမှာနေမှာလား၊ အလုပ်လား အဲ့လို သေသေချာချာ မေးနေတာ။ ယောက်ျားလေးဆို အင်္ကျီတွေပါ ချွတ်ပြရတာ” လို့ ပြောပါတယ်။
ဧည့်စာရင်းအတွက် တိုင်ကြားခွင့် မပေးတော့ပေမဲ့ ဧည့်စာရင်းစစ်ဆေးချိန်မှာ တိုင်ကြားခြင်း မရှိပါကလည်း ငွေဒဏ် ၅၀,၀၀၀ အထိ ချမှတ်မှာဖြစ်သလို နယ်မြေရဲစခန်းမှာ တပတ်ခန့် အချုပ်အနှောင်ခံရမယ်လို့ ၈ ရပ်ကွက်ရုံးအတွင်းမှာ ရေးသားထားပါတယ်။











