
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရတ်ရှ်ထရာပြည်နယ်က ရေပန်းစားတဲ့ စခန်းသာ တောင်ကုန်းမြို့ လိုနာဗာလာမှာ မုတ်သုံမိုးရွာလို့ ဇူလိုင် ၆ ရက်က ရေလွှမ်းမိုးပြီးတဲ့နောက် ကယ်ဆယ်ရေးအဖွဲ့ တွေက ဒေသခံတွေနဲ့ နိုင်ငံခြားခရီးသည်တွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
လိုနာဗာလာမြို့ အပါအဝင် မဟာရတ်ရှ်ထရာပြည်နယ်ထဲက ပူးနေးခရိုင်မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မခွဲလောက် ရွာချခဲ့တယ်လို့ ဇူလိုင် ၆ ရက်မှာ အိန္ဒိယ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ကယ်ဆယ်ရေးသမားတွေက ရေလွှမ်းနေတဲ့လမ်းတွေကို လေမှုတ်လှေတွေနဲ့ ဖြတ်ကူးပြီး ပိတ်မိနေတဲ့ ဒေသခံတွေကို ဘေးကင်းရာဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
၂ ရက်ကနေ ၃ ရက်အထိ မိုးသည်းပြီး ရေမျက်နှာပြင် ဆက်မြင့်တက်နေတယ်လို့ ဘေးလွတ်ရာဆီ ရွှေ့ပေးခံခဲ့ရတဲ့ ဒေသခံတယောက်က ပြောခဲ့ပါတယ်။
အရေးပေါ်တုံ့ပြန်သူတွေက သတိပေးချက်ရပြီး တနာရီအတွင်း အဲဒီဒေသဆီ ရောက်ခဲ့တယ်လို့ ထပ်ပြောပါတယ်။ မိုးကြီးမှု သတိပေးချက် ထုတ်ပြန်ထားတယ်လို့ အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ပြောပါတယ်။
အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်၊ မဟာရတ်ရှ်ထရာ ကမ်းရိုးတန်းနဲ့ ကာနာတာကာ ကမ်းရိုးတန်းတို့မှာလည်း မိုးတွေ သည်းကြီးမည်းကြီး ရွာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ဂူဂျာရတ်ပြည်နယ်က လမ်းတွေပေါ်မှာလည်း မိုးသည်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီဇွန်လဟာ ၁၉၀၁ ခုနှစ်ကစပြီး မှတ်တမ်းတင်ခဲ့ပြီးတဲ့နောက်ပိုင်း ၅ ကြိမ်မြောက် အခြောက်သွေ့ဆုံးကာလ ဖြစ်နေပေမဲ့ မိုးသည်းခဲ့တယ်လို့ မိုးလေဝသဌာနက ဇွန် ၃၀ ရက်မှာ ပြောပါတယ်။
ဒါကြောင့် လယ်ယာထွက်ကုန်နဲ့ စီးပွားရေးတိုးတက်မှုအပေါ် စိုးရိမ်စိတ်တွေ မြင့်တက်လာခဲ့ပါတယ်။
Source: Reuters










