DVB Logo
Home
မြန်မာသတင်း
ထိပ်တန်းစပါးအုပ်စုတွင်ပါဝင်သည့်  ဧရာမင်းစပါး အဝယ်မလိုက်ဘဲ ဈေးကွက်အေးနေ 
DVB
·
January 17, 2025
ထိပ်တန်းစပါးအုပ်စုတွင်ပါဝင်သည့်  ဧရာမင်းစပါး အဝယ်မလိုက်ဘဲ ဈေးကွက်အေးနေ 
Donate to DVB

မြန်မာပြည်အထက်ပိုင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းမှာ အများဆုံးစိုက်ပျိုးကြပြီး အရည်သွေးကောင်း စပါးမျိုးထဲမှာပါဝင်တဲ့ ဧရာမင်းစပါးဟာ လက်ရှိရိတ်သိမ်းချိန်မှာ စပါးဈေးကွက်အေးနေပြီး စပါးဝယ်ယူရာမှာလည်း အကြွေးနဲ့သာ ဝယ်ယူလာကြလို့ တောင်သူတွေမှာအခက်အခဲတွေ ဖြစ်နေပါတယ်။

ဧည့်မထအုပ်စုဝင်ဖြစ်ပေမဲ့ သက်တမ်း ၁၄၅ ရက်ရှိပြီး စားသုံးမှုအရည်အသွေးကောင်းမွန်လို့ အထက်အညာဒေသက ဧရာမင်းစပါးကို ဧရာပဒေသာ၊ ကျောက်ဆည်ပဒေသာ၊ မချန်းဒို၊ စောရှုပ်လို့  ဒေသအလိုက်ခေါ်ဝေါ်ကြပြီး ဆန်ကောင်းအဖြစ် အထွတ်အမြတ်ထားစားသုံးကြတာပါ။

ဧရာမင်းစပါးကို ရွှေဘိုဒေသမှာဆိုရင် ရွှေဘိုပေါ်ဆန်းနည်းတူ စပါးကိုအလုအယက်သိမ်းဆည်း သိုလှောင်ကြတာဖြစ်ပေမဲ့ အခုအခါမှာတော့ သက်တမ်းပြည့် ဧရာမင်းစပါးတွေမှာ ဝယ်သူမရှိပဲ အကြွေးနဲ့ရောင်းဝယ်နေကြရတာ ဖြစ်ပါတယ်။

ပွင့်ဖြူမြို့နယ်မှ စပါးနဲ့ ကုလားပဲ၊ နှမ်းစိုက်ပျိုးသူတောင်သူတယောက်က “စပါးရောင်းရတာတော့ ဒီနှစ်အခြေနေမှာတော့ မကောင်းဘူးပြောရမှာပေါ့။ ရောင်းဝယ်ရာမှာ တောင်သူတွေက စပါးကိုအကြွေးရောင်းနေရတယ်။ စပါးကိုလည်း အကြွေးရောင်းနေရတယ်။ နောက် လှောင်တဲ့သူဌေးတွေကလည်း စပါးကို တင်း ၅၀၀၀ ၊ ၁၀၀၀၀ လှောင်တာတွေက နည်း တယ်ပေါ့နော်။ အဲ့လိုမျိုးတွေ နည်းနေတဲ့အတွက် စပါးရောင်းရတာ တောင်သူတွေမှာ အခက်အခဲဖြစ်တယ်။ ဒီကနေ့ ပေါက်ဈေးကတော့ ပွင့်ဖြူမြို့နယ်မှာတော့ စပါးတတင်းကို ၂၈၀၀၀ လောက်ပဲ ပေါက်တယ်။ ၁၀ ရက်လောက် တပါတ်ဆိုင်း အကြွေးတွေနဲ့ရောင်းနေရတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မိုးရာသီအတွင်း ဧရာမင်းစပါးတွေ အနှံထွက်ချိန်မှာ မုန်တိုင်းမိုးမိခဲ့လို့ အထွက်နှုန်းတွေကျခဲ့တဲ့အပြင် ပိုးမွှားရောဂါကျရောက်လို့လည်း တစ်ဧကကို တင်း ၂၀ အထိ အထွက်နှုန်းတွေ နည်းခဲ့ပါတယ်။

ရာသီဥတုက ရာသီချိန်တိုင်းဆိုသလို အဆိုးဘက်ကိုပြောင်းလဲလာတဲ့အပြင် ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးဈေးနှုန်းတွေကလည်းမြင့်တက်လာပြီး ပိုးမွှားရောဂါအန္တရာယ်ကလည်း ရာသီချိန်တိုင်း မလွတ်နိုင်အောင်ကျလေ့ ရှိပါတယ်။

ဒီလိုစိန်ခေါ်မှုများတဲ့ မိရိုးဖလာလုပ်ငန်းကိုဆက်လက် လုပ်ကိုင်နေဆဲဖြစ်လို့ သီးနှံဈေးကွက်ကောင်းမွန်ဖို့နဲ့ သွင်းအားစုဈေးနှုန်းတွေ မှန်မှန်ကန်ကန်မျှမျှတတ ဖြစ်စေချင်တယ်လို့ ခါတိုင်းနဲ့မတူ စပါးဝယ်သူမရှိလို့ အခက်အခဲဖြစ်နေတဲ့ ပွင့်ဖြူမြို့နယ်က စပါးစိုက်တောင်သူ အမျိုးသမီးကြီးက ပြောပါတယ်။

“တောင်သူဆိုတော့ ဒီတောင်သူလုပ်ငန်းပဲလုပ်ရတော့ ရောင်းရေးဝယ်ရေးတွေ အဆင်ပြေအောင်ပဲ လုပ်ရမှာပေါ့။ သီးနှံလေးတွေ။ တခြားလုပ်ငန်းကျတော့လည်း မလုပ်တတ်ဘူး။ တောင်သူ လုပ်ငန်းဆိုတော့ ရောင်းလို့ဝယ်လို့ကောင်းအောင်၊ သူ့ဟာလေးနဲ့သူ စိုက်ပျိုးစရိတ်လေးတွေလည်း အဆင်ပြေအောင် အဲ့လိုမျိုးလေးတွေ ဖြစ်စေချင်တယ်။”

စစ်ကောင်စီကပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး စပါးတင်း ၅၀၀၀ နဲ့ ဆန်အိတ် ၁၀၀၀ ကစပြီး သိုလှောင်သူတွေကို ဆန်၊ စပါး အမျိုးအစားအပါအဝင် စပါးအဝင်အထွက်စာရင်းဇယားတွေကို အချက်အလက်ပေးပို့ဖို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၂၄ ခုနှစ် ဇူလိုင်ကနေ နိုဝင်ဘာအတွင်း ဆန်သိုလှောင်သူ၊ ဆန်ဈေးကစားသူ၊ အရည်သွေးမြင့် ဆန်ထုတ်လုပ်သူတွေကို ဖမ်းဆီးထောင်ချတာ ဖမ်းဆီးစစ်ဆေးခဲ့တာကြောင့် ဆန်စပါးသိုလှောင်သူတွေဟာ စပါးပေါ်ချိန်မှာ သိုလှောင်ရင်းနှီးမြှုပ်နှံဖို့အတွက် နောက်တွန့်လာကြတာ ဖြစ်ပါတယ်။

လက်ရှိမိုးစပါးပေါ်ချိန်မှာ မကွေးတိုင်းလိုပဲ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း တမူး၊ ကလေးဒေသ အပြင် ဆန်ပြည်ပတင်ပို့ရောင်းချရာ အဓိကဆိပ်ကမ်းဖြစ်တဲ့ ဆူးလေဆိပ်ကမ်းနဲ့ တဖက်ကမ်းရှိ ဒလမြို့နယ်မှာလည်း စိုက်ပျိုးထုတ်လုပ်မှုအရင်းအနှီးနဲ့မကာမိတဲ့ စပါးဈေးကျတာ၊ စပါးဝယ်ယူသူမရှိတဲ့အခြေနေကို တနိုင်ငံလုံးမှာ ကြုံတွေ့နေကြရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013