DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်ဆက်လုပ်ပါက ပြည်နှင်ဒဏ်ပေးမည်ဟု တရုတ်လုပ်ငန်းရှင်များကို ကရင်လက်နက်ကိုင် သတိပေး
DVB
·
January 17, 2025
ကျားဖြန့်ဆက်လုပ်ပါက ပြည်နှင်ဒဏ်ပေးမည်ဟု တရုတ်လုပ်ငန်းရှင်များကို ကရင်လက်နက်ကိုင် သတိပေး
Donate to DVB

ကရင်ပြည်နယ်အတွင်း ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးတာ၊ ငွေလိမ်လည်တာတွေ မလုပ်ကြဖို့နဲ့ ဆက်လုပ်ကိုင်ရင် အရေးယူပြီး ပြည်နှင်ဒဏ်ပေးမယ်လို့ တရုတ်လုပ်ငန်းရှင်တွေကို ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေက ခေါ်ယူ သတိပေးခဲ့ပါတယ်။

မြန်မာ - ထိုင်း နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) နဲ့ ဒီမိုကရေစီ အကျိုးပြုတပ်မတော် (DKBA) တို့က ရွှေကုက္ကိုလ်အပါအဝင် ကရင်ပြည်နယ်အတွင်း ကျားဖြန့် တရုတ် ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးတာ၊ ငွေလိမ်လည်တာတွေ ဆက်မလုပ်ကြဖို့ တရုတ် လုပ်ငန်းရှင်တွေကို ဇန်နဝါရီ ၁၅ ရက်က ခေါ်ယူ သတိပေးခဲ့တာပါ။

BGF တပ်ဖွဲ့နဲ့ DKBA တို့က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး ကျားဖြန့်အလုပ်တွေမှာ လူကုန်ကူးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိမ်လည်တာတွေ အပါအဝင် အသက်မပြည့်သေးသူတွေကို စေခိုင်းတာတွေရှိရင် လုပ်ငန်းပိတ်သိမ်းပြီး ပြည်နှင်ဒဏ်ပေးသွားမယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က “နည်းလမ်းပေါင်းစုံနဲ့ လူတွေကို လိမ်ညာခေါ်ဆိုပြီး အတင်းအဓမ္မ ခိုင်းစေတယ်ဆိုတာ သိတယ်ဆိုရင် ဒါကို ပြင်းပြင်းထန်ထန် အရေးယူဖို့၊ လုပ်ငန်း ပိတ်သိမ်းဖို့၊ ရပ်ဆိုင်းဖို့၊ နောက်ဆုံး ပြည်နှင်ဒဏ်ပေးဖို့ စည်းကမ်းတွေ ချရတာပေါ့။ စည်းမရှိ ကမ်းမရှိတော့ လူသားတွေကို ညှဉ်းဆဲတာလား၊ ရိုက်သလား ထုသလား အမျိုးမျိုး ကြားရတယ်။ နောက်နောင် လူသားတွေကို ညှဉ်းဆဲတာ၊ ရိုက်တာ၊ ကျင်စက်နဲ့ တို့တယ်ဆိုရင် ဒါသူတို့ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းရမယ်။ မောင်းထုတ်ခံရမယ်။ မိမိတိုင်းပြည်ကို ပြန်ဖို့ အဲ့အနေအထား ပြောထားတာ ရှိတာ။ ဒီကို လာတဲ့ လုပ်ငန်းရှင် အသီးသီးကလည်း သူတို့အနေနဲ့ ဘာသာပြန်ပြီး ပြောကြဆိုကြတယ်။ သူတို့က သဘောတူတယ်။ လက်ခံတယ်။ ဒီအနေအထား ဆုံးဖြတ်ချက်ချကြတာပေါ့” လို့ ပြောပါတယ်။

ဇန်နဝါရီလအတွင်း တရုတ်နာမည်ကြီး သရုပ်ဆောင် ဝန်ဇင်း ထိုင်း-မြန်မာမှာ လူကုန်ကူးခံခဲ့ရပြီး ပြန်လွတ်မြောက်လာပြီးနောက် တရုတ်ခရီးသွားတွေကြား ထိုင်းနိုင်ငံကို လည်ပတ်ဖို့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

သရုပ်ဆောင် ဝန်ဇင်း ပြန်လည်တွေ့ရှိပြီးနောက် တရုတ် မော်ဒယ်တယောက်နဲ့ တရုတ် အမျိုးသမီးတို့လည်း ပျောက်ဆုံးနေပြီး ထိုင်းအာဏာပိုင်တွေဘက်ကလည်း လူကုန်ကူးခံရမှုတွေကို ကူညီကယ်ဆယ်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း လုပ်ဆောင်နေပါတယ်။

လက်ရှိအချိန်ထိ ကရင်ပြည်နယ် မြဝတီ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်း အပါအဝင် ကျောက်ခက်၊ KK Park၊ ဘုရားသုံးဆူ၊ စတဲ့ နေရာတွေမှာ ကျားဖြန့်တွေ ဖြန့်ကြက်နေပြီး၊ အဓိကလုပ်ကိုင်နေတာ ရွှေကုက္ကိုလ်က ဖြစ်တယ်လို့ ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးသူတွေက ပြောပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီသူတယောက်က “ရွှေကုက္ကိုလ်ကစလို့ ဘုရားသုံးဆူအထိ တလျှောက်မှာ BGF က အဓိက ဦးဆောင်ပြီး DKBA စိုင်းကျော်လှနဲ့ အဖွဲ့တွေက အဓိက သွားနေတာဖြစ်တယ်။ အဲဒီမှာ တရုတ်က ခြယ်လှယ်ပြီး နိုင်ငံတကာကိုလည်း ဂရုမစိုက်သလို လူကုန်ကူးတားကိစ္စတွေကိုလည်း BGF က လျစ်လျူရှုပြီး ဒါကိုလည်း သူတို့ ဦးဆောင် လုပ်နေတာတွေကို ကျနော်တို့ မျက်မြင် မြေပြင် သတင်းရင်းမြစ် ရရှိတာတွေ ရှိတယ်။ ရွှေကုက္ကိုလ်ကို နိုင်ငံတကာ အလုပ်သမားတွေ ဖိတ်ခေါ်ပြီး Scammer တွေ မရှိဘူးလို့ ပြောနေပေမဲ့ တကယ်တမ်းက ဒါတွေကို ဦးစီးဦးဆောင်လုပ်နေတာက ရွှေကုက္ကိုလ်က တဆင့် သွားတာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ရွှေကုက္ကိုလ်ရဲ့ သူဌေးက တကယ့်သူဌေးကြီး ဖြစ်လို့ပေါ့နော်” လို့ ပြောပါတယ်။

အွန်လိုင်းလောင်းကစား လုပ်ငန်းတွေနဲ့ လိမ်လည်မှုတွေကို အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းပြီး နယ်စပ် ဖြတ်ကျော် နှိမ်နင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၁၆ ရက်နေ့ အာဆီယံ သံတမန်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံကလည်း ကျားဖြန့် အွန်လိုင်းငွေလိမ် လုပ်ငန်းတွေမှာ ထိုင်းလူမျိုးတွေ ဓားစာခံ မဖြစ်စေရေး မဲဆောက်ဒေသ နယ်စပ်တလျှောက်မှာ ထိုင်း၊ တရုတ်၊ အင်္ဂလိပ် ၃ ဘာသာနဲ့ သတိပေးပိုစတာတွေကို ဇန်နဝါရီလ ၁၇ ရက်မှာ ထိုင်းစစ်တပ်က စိုက်ထူခဲ့ပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013