
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ရွာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီနဲ့ ကုဋေလမ်းဆုံအနီးကို မေ ၈ ရက်မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် မီးလောင်နေတယ်လို့ ဒေသခံက ပြောပါတယ်။
လုံးခင်းကျေးရွာအုပ်စု၊ မလောင်ရွာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီကို စစ်တပ်က မနက် ၁၀ နာရီမှာ ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် ကုမ္ပဏီအတွင်း ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိပေမဲ့ ကုမ္ပဏီဝန်ထမ်း စာရေးတယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
မွန်းလွဲ ၁၂ နာရီကျော်မှာတော့ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုကို ကုဋေလမ်းဆုံ အင်္ဂလီကန် ဘုရားကျောင်းအနီးကို တိုက်ခိုက်သွားတာဖြစ်ပြီး မီးလောင်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“တိုက်ပွဲမဖြစ်ဘူး။ စစ်ဆိုင်ထားတဲ့ အခြေအနေပဲ ရှိတာကို ဗုံးလာကြဲသွားတာ။ လုပ်ကွက်ထဲက ဝန်ထမ်းတယောက်ကို ထိတယ်၊ မစိုးရိမ်ရဘူး။ ကဋေလမ်းဆုံမှာ အထည်ဆိုင်၊ ကွမ်းယာဆိုင်၊ ဆီဆိုင်တွေ မီးလောင်နေတယ်။”
သင်္ကြန်ကာလကစလို့ လုံးခင်းကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲပြင်းထန်လာတာဖြစ်ပြီး နှစ်ဖက်တပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေရပါတယ်။










