
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းပေါ်က ထောက်ကြန့်ရဲစခန်းကို ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းမှာ အဝေးထိန်းမိုင်း ၂ လုံးနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame OF သတင်းပြန်ကြားတာဝန်ရှိသူက ပြောပါတယ်။
Operation Flame OF သတင်းပြန်ကြားတာဝန်ရှိသူက “ရဲ ၂ ယောက် ထိခိုက်နိုင်ခြေရှိတယ် ဆိုတာတော့ သိရတယ်။ ထပ်ပြီး သတင်းကတော့ အတည်ပြုမရသေးပါဘူး။ ကျနော်တို့ မှာချင်တာကတော့ စကစနဲ့ သက်ဆိုင်တဲ့ နေရာတွေရဲ့ အဝေးမှာနေဖို့ပါပဲ ကျနော်တို့ကတော့ ပြည်သူတွေကို မှာချင်ပါတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိထားပြီး ရဲတပ်ဖွဲ့ဝင်တွေက ပြည်လမ်းတလျှောက်နဲ့ ထောက်ကြန့်လမ်းဆုံမှာ ပိတ်ဆို့ရှာဖွေခဲ့ပါတယ်။
ထောက်ကြန့်ရဲစခန်းအနီးမှာ ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီ ၂၅ မိနစ်လောက်က ပေါက်ကွဲသံကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ဆင်ရေးအတွင်း Operation Flame OF အဖွဲ့သားတွေ ဘေးကင်းတယ်လို့ သိရပြီး စစ်ကောင်စီတပ်ကို အရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။
၂၀၂၄ ဒီဇင်ဘာတလအတွင်း ရန်ကုန်တော်လှန်ရေးအဖွဲ့တွေက စစ်ဆင်ရေး ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြပါတယ်။