DVB Logo
Home
Lead Story
အဖိနှိပ်ခံလုပ်သားထုအတွက် နှစ်သစ်လျှောက်လမ်း
DVB
·
January 15, 2025
အဖိနှိပ်ခံလုပ်သားထုအတွက် နှစ်သစ်လျှောက်လမ်း
Donate to DVB

မြန်မာ ပြည်တွင်းက စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ လုပ်သားတွေအတွက် နှစ်ဟောင်းတခုကို စိတ်ပျက်ဖွယ် နှုတ်ဆက်ခဲ့ကြပါပြီ။

အလုပ်သမားထုအတွက် ၂၀၂၄ ခုနှစ်ကို လည်ပြန်လှည့်ကြည့်မယ်ဆိုရင် အားတက်၊ ကျေနပ်လောက်စရာရယ်လို့ မယ်မယ်ရရ ချပြနိုင်စရာ ရှိမနေခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်ဟောင်းဟာ စက်ရုံလုပ်သားတွေအတွက် ကျေနပ်လောက်စရာနှစ် မဟုတ်ခဲ့သလို စိတ်မွန်းကျပ်မူ၊ စိတ်ဖိစီးမှုများစွာနဲ့ ကုန်ဆုံးခဲ့ရတာ ဒီမတိုင်ခင် နှစ်တွေကတည်းက ဖြစ်တည်ခဲ့ကြတာပါ။

အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တယောက်ကတော့ မြန်မာပြည်တွင်း စက်ရုံလုပ်သားတွေအနေနဲ့ ကုန်ဆုံးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဟာ အလုပ်သမားတွေအတွက် အဆိုးရွားဆုံး နှစ်ကာလ ဖြစ်တယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။

“အလုပ်သမားတွေအနေနဲ့က အစဥ်အဆက်ကို ဖိနှိပ်ခံအနေနဲ့ နေခဲ့ရတာ။ ၂၀၂၄ ကတော့ အဆိုးဆုံးနှစ်တနှစ်လို့ ဆိုရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာ” လို့ သူက ပြတ်ပြတ်သားသား ပြောပါတယ်။

မြန်မာပြည်တွင်း စက်ရုံလုပ်သားတွေရဲ့ အဓိကကြုံတွေ့ရတဲ့ ပြဿနာ၊ အခက်အခဲတွေက ခေတ်ကာလနဲ့ လိုက်လျောညီထွေမှုမရှိတဲ့ လုပ်ခမရတာ၊ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခိုင်းစေတာ၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရတာ၊ အဓမ္မစေခိုင်းခံရတာနဲ့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်တွေ တားဆီးပိတ်ပင်ခံရတာတွေ ဖြစ်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

အဲဒီအချက်တွေဟာ ခေတ်အဆက်ဆက် အလုပ်သမားတွေ ကြုံတွေ့ရတတ်ခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းကာလတွေမှာတော့ ပိုလို့ကြုံလာရတာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ အရပ်သားအုပ်ချုပ်မှု ကာလတွေမှာ အဲဒီအခက်အခဲ ပြဿနာတွေကို အဆင့်ဆင့်တိုင်ကြားတဲ့နည်းနဲ့ ဖြေရှင်းတာ၊ ဒီမိုကရေစီနည်းလမ်းအရ ဆန္ဒထုတ်ဖော် ထောက်ပြတောင်းဆိုတာ၊ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဖြေရှင်းနိုင်တဲ့ အခွင့်အလမ်းတွေ ရှိခဲ့ပါတယ်။

အဲဒီအခွင့်အလမ်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားတွေ လက်လွှတ်လိုက်ရတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာခဲ့ရပါတယ်။

ခုံသမာဓိကောင်စီဝင်ဟောင်းတယောက်က “ကျနော် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေအရဆို ဒီကာလက အလုပ်သမားထုအတွက် အဆိုးရွားဆုံးလို့ ပြောနိုင်တယ်။ ဖိနှိပ်ခံရတာတွေ ဆိုးလာတာနဲ့အမျှ ဘာမှတုံ့ပြန်လို့မရဘဲ ငြိမ်ခံနေရတဲ့ အနေအထားက ရင်နာဖို့လည်းကောင်းတယ်” လို့ မှတ်ချက်ပြုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားတွေအနေနဲ့ ကိုယ့်ရပိုင်ခွင့်ကိုတောင် ပြောင်ပြောင်တင်းတင်း တောင်းခံလို့မရတော့တဲ့ အခြေအနေ ရောက်ရှိခဲ့ရပါတယ်။

လုပ်ငန်းခွင်ပြဿနာကို လုပ်ငန်းရှင်တချို့က နိုင်ငံရေးလှုပ်ရှားမှုဖြစ်သယောင် ဖန်တီးပြီး ရပိုင်ခွင့်အတွက် စစ်တပ်ခေါ်ခြိမ်းခြောက်တာတွေက ဒီနှစ်ပိုင်းထဲမှာ တွင်ကျယ်ခဲ့ပါတယ်။

လုပ်အားခနဲ့ ပတ်သက်လို့လည်း လွန်ခဲ့တဲ့ ၆ နှစ်က သတ်မှတ်ခဲ့တဲ့ တရက်လုပ်ခ ၄,၈၀၀ ကျပ်နှုန်းက မပြောင်းမလဲရှိခဲ့ပြီး ထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဥ်နဲ့ တရက် ကျပ် ၂,၀၀၀ ထပ်ဆောင်းပေးတာပဲ ရှိခဲ့ပါတယ်။

အဲဒီလုပ်ခဟာ စက်ရုံလုပ်သားတယောက်အတွက် ဖူလုံတဲ့လုပ်အားခ မဟုတ်တာကြောင့် ထပ်တိုးပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ပေမဲ့ စစ်ကောင်စီရော အလုပ်ရှင်တွေကပါ လျစ်လျူရှုခဲ့ကြပါတယ်။

အဆိုးဆုံးအနေနဲ့ လုပ်ခလစာတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားတွေ လုပ်ခတိုးမရတဲ့အပြင် အလုပ်ကပါ အထုတ်ခံရတဲ့ဖြစ်စဥ် နှစ်ကြိမ်ထက်မနည်း ၂၀၂၄ မှာ ပေါ်ပေါက်ခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံလုပ်သားတယောက်က “လောက်ငဖူလုံတဲ့ လုပ်အားခ မရဘဲ အသက်ရှင်ရုံ စားသောက်ရဖို့ ကျွန်ခံနေရတဲ့သဘောဖြစ်နေတာ” လို့ ပြောပါတယ်။

စက်ရုံအလုပ်သမားတွေအတွက် ဒါက အဆိုးဆုံးအခြေအနေတော့ ဟုတ်မနေပါဘူး။ အရင် အရပ်သားအစိုးရ လက်ထက်တွေက ကိုယ့်ရပိုင်ခွင့်ကို ထုတ်ဖော်တောင်းဆိုခွင့် ရခဲ့တာတွေက အာဏာသိမ်းကာလမှာ အလုံးစုံ စွန့်လွှတ်လိုက်ရတဲ့ အခြေအနေ ဖြစ်သွားခဲ့တာပါ။

တချိန်က အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားအဖွဲ့ချုပ်တွေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် စည်းဘောင်တွေနဲ့အညီ ရပ်တည်လှုပ်ရှားနိုင်မှုက အခုအခါမှာ တစခန်း ရပ်သွားခဲ့ရပြီလို့ ဆိုရပါမယ်။

စစ်တပ်အာဏာမသိမ်းခင်အချိန်အထိ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့တဲ့ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမား အဖွဲ့အစည်းတွေဆိုတာ အခုကာလမှာ ပေါ်ပေါ်တင်တင် လှုပ်ရှားဆောင်ရွက်နိုင်တဲ့ အနေအထား ရှိမနေတော့ပါဘူး။

ရှိရင်းစွဲ သမဂ္ဂတွေကို နိုင်ငံရေးနဲ့ချိတ်ဆက်ပြီး လှုပ်ရှားခွင့်မရအောင် ချုပ်ကိုင်ခံထားရသလို နောက်ထပ် သမဂ္ဂဖွဲ့စည်းခွင့်ဆိုတာကလည်း အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ စိတ်ကူးနဲ့တောင် ဖော်ဆောင်ဖို့ ခက်ခဲလာခဲ့ပါတယ်။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) မှ တာဝန်ရှိသူတယောက်က “၂၀၂၄ မှာ အမှတ်ရစရာအကောင်းဆုံးကိစ္စဆိုရင် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ကို နည်းမျိုးစုံနဲ့ ဖျက်ဆီးခံရတာပဲ” လို့ ပြောပါတယ်။

STUM ဟာ မြန်မာပြည်တွင်းမှာ အလုပ်သမားအရေး ဆက်လက်ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း သူတို့ ကူညီဆောင်ရွက်ပေးခဲ့ရတဲ့ အလုပ်သမားအရေးပြဿနာ အခြေအနေကိုလည်း မကြာခင်ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့နှစ်အတွင်း မတရားအလုပ်ထုတ်ခံရတာ၊ လစာဖြတ်တောက်ခံရတာနဲ့ အဓမ္မ အချိန်ပိုစေခိုင်းခံရလို့ တိုင်ကြားလာတဲ့ အမှုတွေက အများဆုံးလို့ ဆိုထားပါတယ်။

ဒါက အဲဒီအဖွဲ့ဆီ ဆက်သွယ်တိုင်ကြားတာကနေ ရတဲ့ အညွှန်းကိန်းသာဖြစ်ပြီး မြေပြင်မှာ အလုပ်ရှင်ရဲ့ ဖိနှိပ်စေခိုင်းသမျှကို နှုတ်ပိတ် ကျိတ်ပြီး လုပ်ကိုင်နေရတဲ့ လုပ်သားများစွာ ရှိနေတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်မှ အလုပ်သမားအရေး လှုပ်ရှားသူတယောက်က “အချို့စက်ရုံတွေဆိုလည်း ဆိုးဆိုးရွားရွား ဖိနှိပ်စေခိုင်းခံနေရတယ်။ အလုပ်သမားတွေက ဒါကို ထုတ်ပြောရင် အလုပ်ထုတ်ခံရမှာ၊ အငြိုးထားခံရမှာစိုးပြီး ကြိတ်မှိတ်လုပ်နေကြရတာ။ အလုပ်သမားတွေ ကိုယ်တိုင်က ထုတ်မပြောရဲတော့ ကူညီပေးဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။

အထက်ပါ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေ၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် တားမြစ်ခံရတာတွေ၊ အလုပ်သမားတွေအတွက် ဖူလုံတဲ့လုပ်ခ ဖန်တီးမပေးနိုင်မှုဟာ အာဏာသိမ်းကာလ ကြာလာတာနဲ့အမျှ ထိပ်တိုက်တွေ့ဆုံရတဲ့ ပြဿနာတွေ ဖြစ်လာခဲ့ပါတယ်။

အဓမ္မခိုင်းစေမှု၊ အလုပ်သမားသမဂ္ဂ အသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်မှုတွေက မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ဖြစ်ရပ်တော့ ဟုတ်မနေခဲ့ပါဘူး။

အဲဒီချိုးဖောက်မှုတွေအတွက် ၁၉၉၀ ဝန်းကျင်မှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ဒဏ်ခတ်အရေးယူခံရဖူးတဲ့ သာဓကရှိခဲ့သလို အခုတဖန် အလားတူဖြစ်ရပ်အတွက် အရေးယူခံရမယ့် အခြေအနေနဲ့ နီးစပ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီအရေးယူမှုဟာ အာဏာသိမ်းကာလနောက်ပိုင်း စစ်ကောင်စီရဲ့ တရားမဲ့ပြုကျင့်မှုတွေကြောင့် ဖြစ်လာမယ့် အကျိုးဆက်သာဖြစ်ပြီး ဖိနှိပ်ခံအလုပ်သမားထုရဲ့ ပေးဆပ်ခဲ့ရမှုတွေအတွက် လျော်ကြေးလည်း ဖြစ်နိုင်ပါတယ်။

အလုပ်သမားထုအပေါ် အလေးထား၊ တန်ဖိုးထားမှု မရှိခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ ကုပ်သွေးစုပ် လုပ်ငန်းရှင်တွေအတွက် ၂၀၂၅ ခုနှစ်က ရှင်းလင်းတဲ့ အဖြေထွက်ရှိဖို့ အလုပ်သမားထုကလည်း မျှော်လင့်နေပါတယ်။

အဖိနှိပ်ခံလုပ်သားထုအတွက် ဒီနှစ်သစ်က ဆုံးရှုံးနစ်နာမူတွေကို အတိုးနဲ့ပြန်ရမယ့် နှစ်အနေနဲ့ ယုံကြည်နေမှာ သေချာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013