DVB Logo
Home
မြန်မာသတင်း
Mytel App နှင့် ချန်နယ်များကို ဖြုတ်ချသွားရန် အမေရိကန်နည်းပညာကုမ္ပဏီများအား တောင်းဆို
DVB
·
January 15, 2025
Mytel App နှင့် ချန်နယ်များကို ဖြုတ်ချသွားရန် အမေရိကန်နည်းပညာကုမ္ပဏီများအား တောင်းဆို
Donate to DVB

မြန်မာစစ်တပ်ပိုင် Mytel ကုမ္ပဏီရဲ့ အက်ပလီကေးရှင်းတွေ၊ ချန်နယ်တွေနဲ့ အွန်လိုင်းစာမျက်နှာ တွေကို ဆက်ပြီး မလည်ပတ်နိုင်အောင် ချက်ချင်း ဖြုတ်ချ ပိတ်သိမ်းပေးဖို့ အမေရိကန်နည်းပညာကုမ္ပဏီတွေကို Burma Campaign UK နဲ့ ရိုဟင်ဂျာရေးရာ နိုင်ငံတကာလှုပ်ရှားဆောင်ရွက်မှုအဖွဲ့ ICR တို့က ဇန်ဝါရီ ၁၄ ရက်မှာ တောင်းဆို လိုက်ပါတယ်။

စစ်တပ်ပိုင် Mytel ကုမ္ပဏီကို အမေရိကန်အစိုးရက ဇန်နဝါရီ ၆ ရက်ကစပြီး အရေးယူဒဏ်ခတ် ပိတ်ဆို့ထားပေမဲ့ အမေရိကန်နည်းပညာ ကုမ္ပဏီတွေဖြစ်တဲ့ Google ၊ Apple ၊ Google ပိုင် YouTube နဲ့ Microsoft ပိုင် LinkedIn တို့ဟာ Mytel အက်ပလီကေးရှင်းတွေနဲ့ ချန်နယ်တွေကို ဖြုတ်ချပစ်တာမျိုး မရှိသေးဘဲ လက်ခံ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

International Campaign for the Rohingya (ICR) အမှုဆောင်ဒါရိုက်တာ ဆိုင်မွန် ဘေလန်နက်စ်က “ အမေရိကန် နည်းပညာကုမ္ပဏီတွေအနေနဲ့ Mytel ကို နည်းပညာ ထောက်ပံ့ပေးနေတာတွေ ရှိတယ်ဆိုရင် ရှိရင်းစွဲ လုပ်ငန်းသဘောတူ စာချုပ်တွေကို ပြန်လည် သုံးသပ်တာမျိုးနဲ့ နည်းပညာဝန်ဆောင်မှု ရောင်းချပေးနေတာတွေကို ချက်ချင်း ရပ်ဆိုင်းသွားသင့်ပါတယ်။ ဒါ့အပြင် Mytel အတွက် ကြားကနေ တဆင့်ခံဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီတွေကိုလည်း အလားတူ လုပ်ဆောင်သွားဖို့ ညွှန်ကြားသွားသင့်ပါတယ်။ နောက်ပြီး Mytel နဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ Viettel ကုမ္ပဏီကိုလည်း အလားတူ ထောက်ပံ့ပေးနေတာမျိုးတွေ ရှိတယ်ဆိုရင် Mytel အတွက် ဆက်ပြီး မလည်ပတ်နိုင်အောင် လုပ်ဆောင်သွားဖို့နဲ့ အာမခံကြေး ယူထားတာမျိုး မရှိဘူးဆိုရင် Viettel နဲ့ စီးပွား ဆက်ဆံရေးကိုလည်း အဆုံးသတ်သွားဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

Mytel ကုမ္ပဏီရဲ့ အရင်က လုပ်ငန်းကြော်ငြာတွေအရ Mytel ဟာ Google နဲ့ Apple တို့အပြင် တခြား အမေရိကန် နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Oracle ၊ Google ပိုင် TensorFlow ၊ PyTorch (Linux Foundation) ၊ Cisco ၊ Juniper Networks ၊ Fortinet နဲ့ Microsoft ကုမ္ပဏီတို့ရဲ့ နည်းပညာတွေကိုလည်း တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ အသုံးပြုနေနိုင်ဖွယ် ရှိတယ်လို့လည်း Burma Campaign UK နဲ့ ICR တို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Burma Campaign UK ဒါရိုက်တာ မားခ် ဖာမန်နာက “စစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြား ကြောင်းကျိုး ဘယ်လိုဆက်နွှယ် ပတ်သက်နေလဲဆိုတာ ရှင်းနေပါရက်နဲ့ ဘာကြောင့် အမေရိကန် နည်းပညာကုမ္ပဏီတွေက စစ်တပ်ပိုင်ကုမ္ပဏီတွေကို ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးနေကြ သလဲဆိုတာ နားမလည်နိုင်အောင်ပါပဲ။ Mytel ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားပေမဲ့ အမေရိကန် နည်းပညာ ကုမ္ပဏီတွေက ဆက်ပြီး ကျောထောက်နောက်ခံ ပေးနေကြတယ်” လို့ ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ဗီယက်နမ်စစ်တပ်ပိုင် Viettel ကုမ္ပဏီတို့ကြား ပူးတွဲ တည်ထောင်ထားတဲ့ Telecom International Myanmar ကုမ္ပဏီလီမီတက်ရဲ့ လုပ်ငန်းသုံး အမှတ်တံဆိပ်ဖြစ်တဲ့ Mytel ဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး တွေထဲက တခုဖြစ်ပြီး စစ်တပ်အတွက် ဘဏ္ဍာငွေအကျိုးအမြတ်တွေများစွာ ရရှိနေတဲ့အပြင် ဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ တခြား အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက်လည်း မြေယာငှားရမ်းခ အကျိုး ခံစားခွင့်တွေ ရရှိနေတာပါ။

ဒါ့အပြင် Mytel ဟာ လူတဦးတယောက်ချင်းစီနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး စုံစမ်းထောက်လှမ်းမှုတွေ လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုတွေကိုလည်း စစ်တပ်ကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

စစ်တပ်ပိုင် စီးပွားရေးထောက်တိုင်တွေကနေ ရရှိတဲ့ ဘဏ္ဍာငွေတွေဟာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အတွက် နေ့စဉ်နဲ့အမျှဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်စေဖို့အပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက် ကျူးလွန်စေဖို့ တဖက်တလမ်းကနေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံမှာ လက်ရှိအထိ လူပေါင်း ၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လူပေါင်း ၂၁,၀၀၀  မတရား ဖမ်းဆီး အကျဉ်းချခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013