Home
မြန်မာသတင်း
ထိုင်းစစ်တပ်နှင့် မူးယစ်မှောင်ခိုအဖွဲ့ပစ်ခတ်မှုဖြစ် ၄ ဦးသေဆုံး၊အိုက်စ်ဆေး ၁ တန်ကျော်ဖမ်းမိ 
DVB
·
January 15, 2025
Photo-dailynews

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မြန်မာနယ်စပ်အနီးမှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွါးပြီး မူးယစ်ဆေးသယ်တဲ့ဘက်က ၄ ယောက် သေဆုံး အိုက်စ်ဆေး  ၁၁၅၅ ကီလိုဂရမ် ( ၁ တန်ကျော် ) သိမ်းဆည်းရမိတယ်လို့  Daily News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းစစ်တပ် ထပ်ကျောက်တာ့ခ်စစ်ကြောင်း အမှတ် ၁ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၁၃ ရက် ညပိုင်းက ချင်းရိုင်းခရိုင်၊ မယ်ဖာ့လုံမြို့နယ်၊ ထိုတ်ထိုင်းကျေးရွာအုပ်စု၊ ဘန်မဟန်ရွာအနီးတဝိုက် လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေစဉ်  ည ၁၀ နာရီကျော် လောက်မှာ  လူတစ်စု အထုတ်တွေနဲ့ နယ်စပ်ဘက်ကနေဝင်ရောက်လာတာတွေ့ရတယ်။ တာဝန်ရှိ သူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ရာမှာ တဘက်ကရပ်မပေးဘဲ သေနတ်နဲ့စပစ်ခဲ့တယ်လို့ ထပ်ကျောက်တာ့ခ် စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ကစ်သာကွဏ်း ကျန်ထရာက သတင်းထောက်တွေကို ပြောပါတယ်။ 

ထိုင်းစစ်တပ်ဘက်ကလည်း ပြန်ပစ်ခဲ့ပြီး နှစ်ဘက်အပြန်အလှန် မိနစ် ၂၀ ကြာပစ်ခတ်မှုဖြစ်ပွါး ခဲ့တယ်၊ သေနတ်သံတွေငြိမ်သွားပေမဲ့ ညဉ့်မှောင်နေတာကြောင့် နယ်မြေရှင်းလင်း ရေးချက်ချင်းမလုပ်နိုင်ခဲ့ဘူး၊ ဇန်နဝါရီ ၁၄ ရက်မနက်မိုးလင်းကာမှာ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ အဲဒီအနီးတဝိုက်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်း ၄ လောင်းနဲ့ အိတ်ပေါင်း ၃၅ လုံးကိုတွေ့ရှိတယ်၊ အိတ်ထဲမှာ အိုက်စ်မူးယစ်ဆေးတွေ ထည့်ထားပြီး အိတ်တလုံးကို အလေးချိန် ၃၀ - ၃၅ ကီလိုဂရမ်ခန့်ပါရှိတာကြောင့် စုစုပေါင်းအိုက်စ်ဆေး အလေးချိန် ၁၁၅၅ ကီလိုဂရမ် ( ၁ တန် ကျော် ) သိမ်းဆည်းရမိတယ်လို့  စစ်ကြောင်းမှူးက ပြောပါ တယ်။

အခင်းဖြစ်ပွါးတဲ့နေရာဟာ မြန်မာနယ်စပ်နဲ့ ၆၀၀ မီတာခန့်သာကွာဝေးပြီး မနေ့ညက မူးယစ်ဆေးသယ်ဆောင်သူတွေဟာလည်း ၃၀ မှ ၃၅ ဦးလောက်ရှိတယ်၊ သေနတ်နဲ့ပစ်ခတ် လမ်းရှင်းပြီး တဘက်နိုင်ငံထဲကို ပြန်ပြေးဝင်သွားကြတယ်လို့  စစ်ကြောင်းမှူးက ပြောသွားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါးတွေ မကြာခဏသိမ်းဆည်းရမိပြီး မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေဖြစ်ပွါးတာနဲ့အမျှ မူးယစ်ဆေးတွေ ပိုပြီးဖမ်းဆီးရမိလာတယ်လို့  ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

Souce: - Daily news  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024