
ထိုင်းနိုင်ငံမှာ ကာဆီနိုနဲ့ လောင်းကစားကို တရားဝင်ခွင့်ပြုတဲ့ ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုလိုက်ပြီး ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင်နဲ့ ရင်းနှီးမြှုပ်နှံမှု အားကောင်းအောင် ရည်ရွယ်တာဖြစ်ကြောင်း ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က ပြောကြားလိုက်ပါတယ်။
အစိုးရဘက်ကတင်တဲ့ ဒီဥပဒေကြမ်းကို လွှတ်တော်တင်ရဦးမှာဖြစ်ပြီး အကြီးစားဖျော်ဖြေရေး အဆောက်အအုံကြီးတွေမှာ လောင်းကစားကို တရားဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။
ကာဆီနိုနဲ့ လောင်းကစားပုံစံ အများအပြားဟာ ထိုင်းနိုင်ငံမှာ တရားမဝင်ပေမဲ့ ဘောပွဲလောင်းတာနဲ့ မှောင်ခိုလောင်းကစားပွဲတွေ၊ တရားမဝင်ထီတွေ အကြီးအကျယ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ အစိုးရက ထိန်းချုပ်ထားတဲ့ မြင်းပွဲနဲ့ တရားဝင်ထီကိုပဲ ခွင့်ပြုထားတာ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ လာအိုနဲ့ မြန်မာနိုင်ငံမှာ ကာဆီနိုလောင်းကစားရုံကြီးတွေကနေ အကျိုးဖြစ်ထွန်းနေပါတယ်။
ဒါကြောင့် ထိုင်းမှာ တရားမဝင် ကာဆီနိုမရှိတာဟာ ဝင်ငွေကို ထိခိုက်စေပြီး ခရီးသွားလုပ်ငန်းကနေ အကျိုးဖြစ်ထွန်းမှု လျော့ကျစေတယ်လို့ ရှုမြင်ထားပါတယ်။
အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ ထိုင်းမှာ ခရီးသွားလုပ်ငန်းက အဓိကဖြစ်ပြီး လာမယ့်နှစ်တွေထဲမှာ ခရီးသည်စံချိန်တင်မြင့်တက်ဖို့ မျှော်မှန်းထားပါတယ်။
ထိုင်းအစိုးရအဆက်ဆက်ဟာ လောင်းကစားကို တရားဝင်လုပ်ဖို့နဲ့ စည်းကြပ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဗုဒ္ဓဘာသာ လူများစုနိုင်ငံမှာ ရှေးရိုးစွဲတွေရဲ့ ကန့်ကွက်မှုနဲ့ အကြိမ်ကြိမ်ကြုံခဲ့ရပါတယ်။
Source : Reuters










