DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တောင်းဆို
DVB
·
January 13, 2025
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တောင်းဆို
Donate to DVB

စစ်ကောင်စီရဲ့ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံမှာ အဖမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာတဲ့ မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ ဂျပန်နိုင်ငံသား တိုရူကူဘိုတာက တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဗြိတိန်ဝန်ကြီးဟောင်းတွေရဲ့ တောင်းဆိုချက်ကိုလည်း မစ္စတာ တိုရူကူဘိုတာက ထောက်ခံခဲ့တယ်လို့ The Independent ဗြိတိန်သတင်းစာမှာ ဇန်နဝါရီ ၁၂ ရက်က ဖော်ပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးအပါအဝင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်များစွာကို ရိုက်ကူးခဲ့တဲ့ မစ္စတာကူဘိုတာက “ရိုဟင်ဂျာကိစ္စ ဖြစ်လာမှ မြန်မာ့အရေးကိုစပြီး စိတ်ဝင်တစား ရှိလာသူတွေအတွက်တော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ထဲမှာ မတင်မကျ ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း မြန်မာပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ စံပြခေါင်းဆောင်အနေနဲ့ ယုံကြည်အားကိုး ချစ်ခင်မြတ်နိုးနေကြဆဲပဲ ဆိုတာကို မြင်တွေ့နေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မယိမ်းမယိုင် ကျောက်စာတိုင်လို ခိုင်မြဲခဲ့တဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ သူစွမ်းဆောင်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေအပေါ် အလွန်အမင်း လေးစားမိတဲ့အကြောင်းနဲ့ မတရား ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၂၀,၀၀၀ ကျော်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေလို့ မျှော်လင့်မိတဲ့အကြောင်း မစ္စတာ ကူဘိုတာက ပြောပါတယ်။

သတင်းထောက်တဦးလည်းဖြစ်တဲ့ မစ္စတာ ကူဘိုတာဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုချီတက် ဆန္ဒပြပွဲတခုကို သတင်းမှတ်တမ်း ရယူနေစဉ်မှာ ဖမ်းဆီးခြင်းခံခဲ့ရပြီး သတင်းတု သတင်းမှားတွေ ဖြန့်ဝေမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု စတဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

မစ္စတာ ကူဘိုတာကို စစ်ကောင်စီက ဖမ်းဆီးခဲ့မှုဟာ သတင်းသမားတွေအပေါ် ဖိနှိပ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်ကြောင်း သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ကန့်ကွက် သတိပေးပြောကြားခဲ့ပြီး မစ္စတာ ကူဘိုတာကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာမှာ ချီတက်ဆန္ဒပြ တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့တာကြောင့် မစ္စတာ ကူဘိုတာဟာ ဖမ်းဆီးခံရပြီး ၃ လအကြာမှာပဲ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဝီလျံဟိဂ်၊ မယ်ကွမ်ရဖ်ကင်းနဲ့ ဂျက်ခ်စတောတို့ကလည်း စစ်ကောင်စီရဲ့ အခြေအမြစ်မရှိတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပြီး နေပြည်တော်မှာ တဦးတည်း တိုက်ပိတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ကတည်းက တောင်းဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနည်းကျ ဦးဆောင်နိုင်တဲ့ အခွင့်အလမ်း တွေနဲ့ ထိုက်တန်တယ်လို့ ပြောဆိုထားပါတယ်။  

ဒါပေမဲ့ ဇန်နဝါရီ ၄ ရက်နေ့က ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၆,၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့အထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် မပါဝင်သလို နိုင်ငံရေးအကျဉ်းသား အရေအတွက် ၃၀၀ လောက်သာ ပါဝင်ခဲ့ပါတယ်။

Source: The Independent

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013