DVB Logo
Home
မြန်မာသတင်း
ဆင်ဖြူကျွန်းတိုက်ပွဲအတွင်း PDF ၁ ဦးကျဆုံး၊ ဒေသခံများထွက်ပြေးနေရ
DVB
·
January 12, 2025
ဆင်ဖြူကျွန်းတိုက်ပွဲအတွင်း PDF ၁ ဦးကျဆုံး၊ ဒေသခံများထွက်ပြေးနေရ
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ကျေးရွာအနီးမှာ ဇန်နဝါရီ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်ပွားခဲ့ကြတဲ့ တိုက်ပွဲအတွင်း ဒေသခံပြည်သူ ၁ ယောက် ဒဏ်ရာရရှိပြီး PDF ရဲဘော် ၁ ယောက်လည်းကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့နဲ့စကစတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အခါမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် အဲဒီ လက်နက်ကြီးက သရက်ချဉ်ရွာထဲကျပြီး စစ်ဘေးမရှောင်ဘဲ အိမ်မှာနေရစ်ခဲ့တဲ့ အမျိုးသမီး ၁ ယောက် ဒဏ်ရာရသွားတယ်။ ဆေးရုံတော့ရောက်သွားပြီ။ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိပါဘူး။ အဲဒီတိုက်ပွဲအတွင်းမှာ ကျနော်တို့ဘက်က PDF ရဲဘော် ၁ ယောက်လည်းကျဆုံးခဲ့ရပါသေးတယ်ဗျ” လို့ ပြောပါတယ်။

ဆင်ဖြူကျွန်းနယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေသလို သရက်ချဉ်၊ ဥယျာဉ်စု၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ထူးပေါက်၊ ခရေကုန်း၊ ကျောင်းကုန်း၊ ကျီးသိုက်၊ အုန်းတော၊ ရှားတော၊ ကညှပ်နဲ့ နွယ်တမယ်ကျေးရွာတို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောင်နေတာကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေး နေကြရတယ်လို့ သိရပါတယ်။

မင်းဘူးခရိုင် တပ်ရင်း ၅ တပ်ရင်းမှူး ဗိုလ်မိုးကြိုး က “တိုက်ပွဲကတော့ မနက် ၁၀ နာရီလောက်စဖြစ်တာ ၁ နာရီလောက်တော့ကြာမယ်။ သူတို့ဘက်က အင်အား ၄၀၀ ကျော်လောက်ရှိတော့ အင်အားမမျှတာရယ် ကျနော်တို့ရဲဘော် ၁ ယောက် ကျသွားတာတွေရယ်ကြောင့် ပြန်ဆုတ်ခဲ့ရတယ်ဗျ။ ပြန်သာဆုတ်လာကြတာ ဒရုန်းတွေနဲ့တော့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နိုင်ခဲ့တာပေါ့။ သူတို့စစ်ကြောင်းဘက်က အထိအခိုက်ကိုတော့ မသိရသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီစစ်ကြောင်းကနေ ခွဲထွက်လာတဲ့ အင်အား ၁၀၀ လောက်ဟာ ထူးပေါက်ကျေးရွာကိုဝင်ရောက်ပြီး စစ်ဘေးရှောင်တွေရဲ့နေအိမ်တွေထဲကနေ အဖိုးတန်ပစ္စည်းတွေနဲ့ရိက္ခာတွေကို ခိုးယူသယ်ဆောင်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နဲ့ ၅ ရက်နေ့က စလင်း ပကဖ နဲ့ တပ်ပေါင်းစုတွေက စလင်း-ဆင်ဖြူကျွန်း ကားလမ်းပိုင်းပေါ်မှာ စစ်ဆေးရေးလုပ်ခဲ့ပြီးနောက် ထိတွေတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ကြသေးတယ် လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ စလင်းမြို့နယ်ထဲကကျေးရွာတွေကို စစ်ကြောင်းထိုးနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေတဲ့အတွက် ဆင်ဖြူကျွန်း-တညောင်ကားလမ်းပိုင်းကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိပဲ ဖြတ်သန်းသွားလာခွင့်ပြုမယ်လို့ ဆင်ဖြူကျွန်းမြို့ပြပြောက်ကျားတပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပြီး နောက်ထပ်ကြေညာချက်မထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013