
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားအနီးက အိုးပြင်မဲကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၁ ရက်နေ့မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “အိုးမဲပြင်ရွာကို သူတို့ဘက်က ၁၅၀ လောက်နဲ့ အလုံးအရင်းဝင်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြတယ်။ တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကြောင်းဝင်ပြီးမီးရှို့သွားတာပါ။ ရွာတောင်ပိုင်းက အိမ် ၃၀ လောက် မီးလောင်ပျက်စီးကုန်တယ်” လို့ ပြောပါတယ်။
အိုးပြင်မဲကျေးရွာမှာ အိမ်ခြေ ၁၅၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာတတိယပတ်ထဲကလည်း စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့တာကြောင့် ကျေးရွာနေပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
မင်းဘူးခရိုင် အမှတ် ၁၆ တပ်ရင်း တာဝန်ခံ ဗိုလ်အောင်ဒင် က “အဲဒီရွာကို ရွှေစက်တော်ဘုရားပွဲလုပ်ဖို့ နယ်မြေရှင်းတယ်ဆိုပြီး စကစက စစ်ကြောင်း ၂ ကြောင်း ဝင်တယ်။ သူတို့စစ်ကြောင်း ဝင်မလာခင်ကတည်းက ရွာကိုလက်နက်ကြီးတွေနဲ့အရင်ထုပြီးတော့မှ ရွာထဲကိုဝင်လာကြတာ။ ပြီးတော့ မီးရှို့တာပဲ။ ညနေပိုင်းလောက်အထိမီးလောင်တာပေါ့။ အိမ်ခြေ ၁၅၀ လောက်ရှိတဲ့အထဲက ရွာတောင်ပိုင်းက အိမ် ၃၀ လောက် မီးလောင်ကုန်တာပေါ့ဗျာ။ အရင်တခါ စစ်ကြောင်းဝင်တုန်းကတည်းက ရွာသားတွေပြေးနေကြတာဆိုတော့ ရွာထဲမှာ လူသိပ်မရှိကြဘူး။ အဲဒီစစ်ကြောင်းလာတဲ့လမ်းမှာတွေတဲ့ ပြည်သူတချို့လည်း အဖမ်းခံရတယ်။ အဖမ်းခံရတဲ့ဦးရေတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီဟာ မငြိမ်မသက်မှုတွေကြားကနေ ရွှေစက်တော်ဘုရားပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှာ စတင်ကျင်းပဖို့စီစဉ်နေပြီး ရွှေစက်တော်ဘုရားအနီးက အဝင်မုခ်ဝ၊ ဘုရားကျေးရွာနဲ့ ပုဒေါင်းကျေးရွာတို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတပ်စွဲနေပြီး ရွှေစက်တော်ဘုရားအနီးက ပုဒေါင်းကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ လောက်ပုလဲကျေးရွာ၊ ကိုင်းမကြီးကျေးရွာ၊ တင်ပြင်ခွေကျေးရွာ၊ အိုးပြင်မဲကျေးရွာ၊ အိုင်းမကျေးရွာ၊ လက်ပံတောကျေးရွာ၊ မဲချောင်ကျေးရွာ၊ ကသက်ကျေးရွာနဲ့ ဘုရားကျေးရွာတို့မှာ စစ်ကြောင်းထိုးဝင်ရောက်တာတွေပြုလုပ်နေလို့ ဒေသခံပြည်သူ ထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေစက်တော်ဘုရားအနီးမှာ ပေါ်တာဆွဲတာတွေ၊ ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေပြုလုပ်နေလို့ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ရွှေစက်တော်ဘုရားအနီးကို သွားလာတာတွေမပြုကြဖို့နဲ့ မင်းဘူးမြို့နယ်အတွင်းက ပုသိမ်-မုံရွာလမ်းပိုင်း၊ လက်ပံတော-အိုင်းမ-ကိုင်းမကြီးလမ်းမပိုင်းကို အသွားအလာမပြုလုပ်ကြဖို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ဒီဇင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ရွှေစက်တော်ဘုရားအဝင် ၃ မိုင်ဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေဖြစ်ပွား ခဲ့ကြသေးတယ်လို့လည်း သိရပါတယ်။











