
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၁၀ ယောက်နဲ့အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု အကြိမ်ရေ ၁၁၅ ကြိမ်ထက်မနည်း ရှိလာပြီး အရပ်သား ထိခိုက်သေဆုံးသူဟာ လည်း ၂,၃၂၄ ယောက် ရှိလာတယ်လို့ မြန်မာမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွေအထဲ စစ်အာဏာရှင်တပ်က ကျူးလွန်ခဲ့တဲ့ အစုအပြုံလိုက် သတ်ဖြတ်မှု အကြိမ် ၁၁၀ ထက်မနည်း ရှိပြီး စစ်အာဏာရှင်တပ်က မဟုတ်ဘဲ တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ဖြစ်စဉ် ၅ ကြိမ်ရှိခဲ့ကာ အရပ်သားသေဆုံးသူ ၉၇ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
အစုအပြုံလိုက် သတ်ဖြတ်မှုတွေရဲ့ ၆၅ ရာခိုင်နှုန်းလောက်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ ကြောင့် ဖြစ်ပြီး ရန်ကုန်တိုင်းကလွဲရင် နိုင်ငံတဝန်းလုံးရှိ တိုင်းနဲ့ပြည်နယ် ၁၃ ခုမှာ အစုအပြုံလိုက် အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။
လက်ရှိ စစ်ဦးစီးချုပ် အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်ထက် ၆ လအတွင်းမှာတင် အစုအပြုံလိုက် သတ်ဖြတ်မှု ၇ ကြိမ်ထက်မနည်း ရှိလာပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း ၁၇၃ ယောက်ထက်မနည်း ရှိလာကာ ၁၁၁ ယောက်ထက်မနည်းဟာ လေကြောင်းဗုံးကြဲမှုတွေကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် မေလအတွင်းက မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြေခြေမြို့မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံ အယောက် ၅၀ ထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်တာ၊ ဩဂုတ်လအတွင်းက မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှာ တော်လှန်ရေးအင်အားစုတွေက အုပ်ချုပ်ရေးမှူး အပါအဝင် ကျေးရွာသား ၁၂ ယောက်ကို သတ်ဖြတ်တာနဲ့ စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့ အိန္ဒိယဈေး လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၅၀ သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရရှိခဲ့တာဟာ ထင်ရှားတဲ့ဖြစ်စဉ်တွေလို့ ရေးသားထားပါတယ်။
တပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတက်လာပြီး နောက်ပိုင်းမှာလည်း ရခိုင်၊ ကချင်နဲ့ ကရင် စစ်မျက်နှာတွေမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေသလို လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေလည်း ပိုမိုတိုးမြင့်လာနေပြီး အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွေဟာလည်း ဆက်ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ရခိုင်မှာ ထိုးစစ်တွေ စစ်ဦးကျိုးပြီး စစ်ရေးအရ ရှုံးနိမ့်မှုကို လက်မခံဘဲ ပြည်သူတွေကို ပစ်မှတ် ထားတဲ့ အိန္ဒိယဈေး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာဟာ စစ်သားပီသသူတွေရဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ရခိုင်စစ်ရေးအကဲခတ် အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တပ်က နိုင်ငံတဝန်း ပြည်သူတွေကို အစုအပြုံလိုက် သတ်ဖြတ်နေတာ အခုမှ မဟုတ်တော့ဘူး။ စစ်အာဏာသိမ်းကတည်းက သတ်ဖြတ်နေတာ။ အခု အနီးစပ်ဆုံး ပြောရမယ်ဆိုရင် ကျောက်တော် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါ့။ ဒီဖြစ်စဉ်ကလည်း စစ်တပ်အနေနဲ့ သူတို့ရဲ့ ထိုးစစ်တွေ အထမမြောက်ဘဲ စစ်ဦးကျိုးသွားတဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ပြီး သတ်ဖြတ်တာဟာ သတ္တိရှိတဲ့ စစ်သားကောင်းတွေ လုပ်တာမဟုတ်ဘူး။ စစ်သားပီသသူတွေက စစ်ကို စစ်နဲ့တူအောင် တိုက်တယ်။ သူရဲဘောကြောင်တဲ့ သူတွေကပဲ ဒီလို ပြည်သူကို သတ်ဖြတ်ပြီး စစ်ကို အနိုင်ရအောင်လုပ်တာ။”
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေတွေနဲ့ စစ်ရေးတင်းမာနေတဲ့ နယ်မြေတွေက အရပ်သားတွေဟာ အစုအပြုံလိုက် သတ်ဖြတ်ခံရနိုင်မှု အန္တရာယ်ကို အများဆုံးခံရနိုင်ပြီး အရပ်သားနေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ စာသင်ကျောင်း တွေဟာ ပစ်မှတ်ခံနေကြရသလို အရပ်သား ကာကွယ်ပေးနိုင်စွမ်းဟာလည်း အဆိုးရွားဆုံး နိမ့်ကျနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ကိုင်အင်အားစုတွေ အနေနဲ့ စစ်အနိုင်ရရှိလိုတဲ့ ရည်မှန်းချက်တွေနဲ့ စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာတွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ကျူးလွန်ခံရသူသာ မကဘဲ ကျူးလွန်သူတွေကိုပါ ဆိုးကျိုးရှိစေနိုင်သလို စစ်ရာဇဝတ်မှု မှတ်တမ်းတွေလည်း တိုးလာ နိုင်တယ်လို့ ISP-Myanmar က ပြောထားပါတယ်။










