DVB Logo
Home
နိုင်ငံတကာ
နေတန်ယာဟုကို မဖမ်းဆီးဟု ICC အဖွဲ့ဝင် ပိုလန် ကတိပေး
DVB
·
January 10, 2025
နေတန်ယာဟုကို မဖမ်းဆီးဟု ICC အဖွဲ့ဝင် ပိုလန် ကတိပေး
Donate to DVB

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်း၀ရမ်းထုတ်ထားတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖမ်းဆီးမှာမဟုတ်ဘူးလို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တပ်စ်ခ် ကိုယ်တိုင် အတည်ပြုပါတယ်။

နေတန်ယာဟု အပါအဝင် အစ္စရေးအစိုးရ တာဝန်ရှိသူတွေရဲ့ လုံခြုံရေးအပေါ်  အာမခံတဲ့ ဆုံးဖြတ်ချက်တရပ်ကို ပိုလန်အစိုးရက ချမှတ်ခဲ့တာပါ။

ဒါကြောင့် နာဇီ-ဂျာမနီလက်ထဲကနေ အောက်ချ်ဝစ်ဇ်-ဘစ်ကာနောင်း (Auschwitz-Birkenau) အကျဉ်းစခန်းလွတ်မြောက်မှု နှစ် ၈၀ ပြည့် အခမ်းအနားကို လွတ်လွတ်လပ်လပ် တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဂါဇာစစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ICC က နေတန်ယာဟု ကို ဖမ်းဝရမ်းထုတ်ထားတာပါ။

ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တပ်စ်ခ် ကတော့ “အစ္စရေးဝန်ကြီးချုပ်ပဲဖြစ်ဖြစ်၊ သမ္မတနဲ့ ပညာရေးဝန်ကြီးပဲဖြစ်ဖြစ် အောက်ချ်ဝစ်ဇ် အခမ်းအနားကို လာရောက်တဲ့အခါ လုံခြုံရေးအပြည့်အဝရှိမှာဖြစ်သလို အဖမ်းခံရမှာလည်း မဟုတ်ပါဘူး” ဆိုပြီး မှတ်ချက်ပေးပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလမှာ ICC က နေတန်ယာဟု အပါအဝင် အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ယိုအာ့ဗ် ဂယ်လန့်နဲ့ ဟားမတ်စ်တပ်မှူး မိုဟာမတ် ဒိဖ် တို့ကို စစ်ရာဇဝတ်မှုတွေနဲ့  လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအရ ဝရမ်းထုတ်ခဲ့ပါတယ်။

ဒါဟာ ၂၀၂၃ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်လာမှုကြောင့် မိမိကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း တုံ့ပြန်ထားပေမဲ့လည်း ဂါဇာဒေသမှာတော့ ပါလက်စတိုင်း ၄၆,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ICC အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ပိုလန်ဟာ ဖမ်းဝရမ်းထုတ်ခံရသူတွေ ပိုင်နက်နယ်မြေပေါ်  ခြေချလာတဲ့အခါ ဖမ်းဆီးပေးရမယ့်တာဝန် ရှိပါတယ်။

ဒါပေမဲ့လည်း ICC ဘက်က ဒါကို လိုက်နာအောင် တင်းကျပ်နိုင်တဲ့ အခွင့်အာဏာမရှိသလို အစ္စရေးဟာလည်း အဖွဲ့ဝင်နိုင်ငံထဲမှာ ပါဝင်ခြင်းမရှိပါဘူး။

ဒါကြောင့် ပိုလန်နိုင်ငံဆိုင်ရာ အစ္စရေးသံရုံးက ပညာရေးဝန်ကြီးအနေနဲ့ အခမ်းအနားကို ကိုယ်စားပြု တက်ရောက်မယ်လို့သာ အကြောင်းကြားထားပါတယ်။

အောက်ချ်ဝစ်ဇ် နှစ်ပတ်လည်အခမ်းအနားကို နှစ်စဉ်လာရောက်လေ့ရှိတဲ့ နေတန်ယာဟုကတော့ ဒီနှစ်တက်ဖြစ်မှာလား၊ မတက်ဖြစ်ဘူးလား ဆိုတာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေ သိမ်းပိုက်ထားတဲ့ ပိုလန်နိုင်ငံက အောက်ချ်ဝစ်ဇ် အကျဉ်းစခန်းမှာ အလုံပိတ်ဓာတ်ငွေ့အခန်းတွေ၊ အစာရေစာ ငတ်ပြတ်တာတွေ၊ ရောဂါဘယတွေနဲ့ အအေးဒဏ်ကြောင့် ဂျူးလူမျိုး အများစုပါဝင်တဲ့ လူပေါင်း ၁ ဒသမ ၁ သန်းကျော်ကို သေဆုံးစေခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013