
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးတွေမှာရှိတဲ့ အရေးကြီး စာရွက်စာတမ်းတွေကို တိုင်းရုံးစိုက်ရာ ပုသိမ်မြို့ကို ရွှေ့ဖို့ ညွှန်ကြားထားတယ်လို့ တိုင်းအစိုးရရုံးနဲ့ နီးစပ်သူထံက သိရပါတယ်။
တိုင်းအစိုးရရုံးနဲ့ နီးစပ်သူက “မြို့နယ် ထွေအုပ်၊ လ.ဝ.ကတို့ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးတွေရဲ့ အရေးကြီးစာရွက်စာတမ်းတွေ ပုသိမ်ကို ရွှေ့ခိုင်းတယ်။ လုံခြုံရေးကြောင့်လား ဘာသတင်းရလို့လဲ မသိဘူး” လို့ ပြောပါတယ်။
သာပေါင်းမြို့နယ်ထဲက သစ်ဖြူအုပ်စုနဲ့ ကျွန်းလျားကြီးအုပ်စုက ကျောင်းတွေကို ဇန်နဝါရီ ၈ ရက်မှာ ပိတ်လိုက်ပေမဲ့ စစ်တပ်က စစ်ကြောင်းမှူးက ပြန်ဖွင့်ဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန ဖိအားပေးလို့ ဇန်နဝါရီ ၁၀ ရက်က ပြန်ဖွင့်ပေးရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
သာပေါင်းမြို့နယ်၊ သစ်ဖြူအုပ်စုနဲ့ ကျွန်းလျားကြီးအုပ်စု မူလတန်း၊ မူလွန်အလယ်တန်းကျောင်းခွဲတွေအပါအဝင် ၁၂ ကျောင်းရှိပြီး ကျောင်းသား ၅၀၀ လောက် ပညာသင်ကြားနေတာ ဖြစ်ပါတယ်။
လတ်တလော ရခိုင်ပြည်နယ် ဂွမြို့နဲ့ ထိစပ်တဲ့ ပုသိမ်မြို့နယ် မကျီးဇင်၊ သာပေါင်းမြို့နယ် သစ်ဖြူကျေးရွာ အနား စစ်ကောင်စီတပ်က ခံစစ်လုပ်ထားပြီး၊ သာပေါင်းမြို့နယ် ကြက်သွန်ကွင်းရွာမှာ ဂိတ်ချစစ်ဆေး နေပါတယ်။
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာ ရှိ အမတ-၃၄၄ မှာ ခံစစ်ပြင်ထားပြီး၊ တိုင်းအတွင်းမြို့နယ်တွမှာ ရဟတ်ယာဉ်ကွင်း အသစ်ဖောက်တာနဲ့ အဟောင်းတွေ ပြုပြင်တာကို ၂၀၂၄ နှစ်ကုန်ပိုင်းက စတင် ပြုလုပ်နေပါတယ်။
မကျီးဇင်ရွာ ခံစစ်နေရာကိုပို့တဲ့ စစ်သားတွေ လက်နက်တွေထားပြီး ထွက်ပြေးလို့ သာပေါင်းမြို့နယ် ကျေးရွာတွေမှာရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူတွေနဲ့ တပ်ထောက်ခံသူတွေက ဖမ်းဆီးပြီး သက်ဆိုင်ရာ ရဲစခန်းနဲ့ စစ်တပ်ဆီကို ပြန်ပို့နေတယ်လို့ ဒေသခံက ပြောပါတယ်။