DVB Logo
Home
မြန်မာသတင်း
၂၀၂၄ ခုနှစ်အတွင်း စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၀၅ ကြိမ်ကျူးလွန်ခဲ့
DVB
·
January 9, 2025
၂၀၂၄ ခုနှစ်အတွင်း စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၀၅ ကြိမ်ကျူးလွန်ခဲ့
Donate to DVB

စစ်ကောင်စီက ၂၀၂၄ ခုနှစ်အတွင်း လူ ၅ ယောက်နဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၀၅ ကြိမ်ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၁၂၄ ယောက်သေဆုံးခဲ့တယ်လို့ DVB DATA အဖွဲ့က ကောက်ယူပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

လူ ၅ ယောက်နဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုမှာ လေကြောင်း ပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ သေနတ်နဲ့ပစ်ခတ်မှု၊ အရှင်လတ်လတ်မီးရှို့သတ်မှုနဲ့ လူသားဒိုင်း အဖြစ် ခေါ်ဆောင်ပြီး သတ်ဖြတ်မှုတွေက အများဆုံး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလထဲမှာ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာဖြစ်စဉ်က ဒေသခံ ၆ ယောက်ကို ခေါင်းဖြတ် မီးရှို့ သေနတ်နဲ့ပတ်သတ်ခဲ့တဲ့ ဖြစ်ရပ်ကလည်း အဆိုးဝါးဆုံး ရက်စက်ကြမ်းကြုတ်မှုတွေထဲက တခုဖြစ်ပါတယ်။

ဘုတလင်ဒေသခံတယောက်က “လိုက်ကြည့်လှည့်ဦး ဘယ်သူတွေမှန်းမသိဘူးဆိုတော့ အဲဒီအချိန်ခေါင်းတွေကြီးသွားတာ၊ ခေါင်း သုံးလုံးကို မြင်လိုက်တဲ့အချိန် သွေးရူးသွေးတန်းနဲ့ဘယ်သူ့ကို လိုက်ခေါ်ရမှန်းကို မသိတော့တာ၊ သူတို့ခန္ဓာကိုယ်တွေ ကျတော့ ခေါင်းဖြတ်ပြီးချိတ်ထားတဲ့အရှေ့ဘက်မှာ မီးတွေပုံရှို့ထားတာ၊ သီတင်းကျွတ်လပြည့်နေကြီးဆိုတော့ ဘုန်းကြီးတွေလည်း ဝါမကျွတ်လိုက်ရဘူး၊ သေနတ်နဲ့ပစ်သတ်တာက အသက် ၅၇ နှစ်ရှိတဲ့သူတွေက နှစ်ယောက်၊ အဲဒီတုန်းကတော့ ခြောက်ယောက်ပေါ့”လို့ ပြောပါတယ်။

ဒီလိုထိတ်လန့်စရာအဖြစ်အပျက်တွေနဲ့ နေအိမ်တွေမီးရှို့ခံရမှုတွေကြောင့် ဒေသခံတွေက တောတောင်လယ်မြေ တွေထဲမှာပဲ တဲထိုးနေပြီးနေထိုင်နေကြရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ပေါင်း ၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အများဆုံးလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကတော့ အကြိမ် ၂၀ နဲ့ ဒုတိယ အများဆုံး ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့  ၁၅ ကြိမ်နဲ့ တတိယအများဆုံးဖြစ်ပါတယ်။

သေဆုံးခဲ့ရသူတွေအထဲ လူကြီး  ၁၀၀၁ ယောက် နဲ့ ကလေး ၄၂ ယောက်တို့ပါဝင်ပါတယ်။ အဲဒီအထဲ အမျိုးသား ၄၄၂ ယောက် အမျိုးသမီး ၂၁၅ ယောက်နဲ့ ကျား မခွဲခြားမရသူ ၄၂ ယောက်တို့ ပါဝင်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ ခုနှစ်တွင်း လူ ၅ ယောက်နဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၄၆ ကြိမ် ဖြစ်ခဲ့ပြီး လူပေါင်း ၁၅၈၈ ယောက်သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

ဖြစ်စဉ်တွေအရလည်း ရခိုင်ဒေသမှာ အများဆုံးဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်၊ အချက်အလက်ရယူနိုင်မှုအခြေအနေအပေါ်မူတည်ပြီး ကိန်းဂဏန်းတချို့ ကွဲလွဲနေတာဖြစ်ပါတယ်၊

မှတ်တမ်းတွေ အားလုံးကို စိစစ်မှတ်တမ်းတင်ထားပြီး အရေးယူနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကဝန်ကြီး ဦးအောင်မျိုးမင်းက ဇန်နဝါရီ  ရက်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“အကြမ်းဖက်စစ်တပ်ရဲ့ ကျူးလွန်မှုတွေက သာမန်လူ့အခွင့်အရေးချိုးဖောက်မှုတွေတင် မကဘဲနဲ့ War Crime စစ်ပွဲဆိုင်ရာရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဝတ်မှုနဲ့ ဂျီနိုဆိုက်လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေဖြစ်တယ်ဆိုတဲ့အချက်အလက်တွေကို တင်ပြပြောဆိုနေပါတယ်။ NUG အနေနဲ့ အရေးယူလုပ်ဆောင်မှုတွေ လုပ်နိုင်ဖို့ တင်ပြတောင်းဆိုတာတွေလုပ်နေပါတယ်။ သက်သေအထောက်အထားတွေကို စနစ်တကျ စုံစမ်းပြီးတော့ မှတ်တမ်းတင်ပြီး IIMM အဖွဲ့ကိုလည်း ကျနော်တို့သတင်းတွေပေးပို့ပြီးတော့ တရားမျှတမှုအတွက် အပြစ်ပေးအရေးယူ လုပ်ဆောင်နေပါတယ်။”

အာဏာသိမ်း ၄ နှစ်တာကာလအတွင်း စစ်ကောင်စီက လူ ၅ ယောက်နဲ့အထက် အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်စုစုပေါင်း  ၂၈၃  ကြိမ်ကို ကျူးလွန်ခဲ့ပြီး သေဆုံးသူပေါင်း ၃၀၇၄ ယောက် ရှိခဲ့ပါတယ်။

အဲဒီအထဲမှာ အသက် ၁၈ နှစ်နဲ့ အောက်ကလေး  ၂၈၄ ယောက် ပါဝင်ပါတယ်။ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင်  ၂၀၂၄ ခုမှာလူ ၅ ယောက်နဲ့အထက် အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှုက ၂၃ ကြိမ် ပိုမိုများလာတယ်လို့ DVB DATA အဖွဲ့က ကောက်ယူရရှိထားပါတယ်၊၊

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013