DVB Logo
Home
မြန်မာသတင်း
တရုတ်မင်းသားအမှုအပြီး လူကုန်ကူးခံရသူများ၏ မိသားစုများ အကူအညီတောင်းခံမှု ပိုများလာ
DVB
·
January 9, 2025
တရုတ်မင်းသားအမှုအပြီး လူကုန်ကူးခံရသူများ၏ မိသားစုများ အကူအညီတောင်းခံမှု ပိုများလာ
Donate to DVB

မြန်မာနယ်စပ် ကျားဖြန့် အွန်လိုင်းလိမ်လည် ရာဇဝတ်ဂိုဏ်းတွေထဲ လူကုန်ကူးခံရကာ ပိတ်မိ ပျောက်ဆုံးနေသူတွေ လွတ်မြောက်ရေး ကူညီကယ်တင်ပေးဖို့ ဟောင်ကောင်မိသားစုတွေက တောင်းဆိုလိုက်တဲ့အကြောင်း The Standard HK သတင်းမှာ ဖော်ပြပါတယ်။

မိသားစုတွေဟာ ဟောင်ကောင်ရှိ ထိုင်းကောင်စစ်ဝန်ဆီ ဇန်နဝါရီ ၈ ရက်မှာ စာပေးပို့တောင်းဆိုလိုက်တာဖြစ်ပြီး ဟောင်ကောင်အစိုးရအနေနဲ့ ဒါကို ဗဟိုအစိုးရဆီ လွှဲပေးဖို့ မျှော်လင့်သလို တရုတ်အာဏာပိုင်တွေအနေနဲ့လည်း သူတို့ရဲ့ သံတမန်ရေးရာ သြဇာလွှမ်းမိုးမှုကို အသုံးချကာ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ကူညီဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်းနိုင်မယ်လို့ ဆိုပါတယ်။

မိသားစုတွေအရေး ကူညီဆောင်ရွက်ပေးနေသူ ဟောင်ကောင် ခရိုင်ကောင်စီဝင်ဟောင်း အန်ဒီယု တာ့ခ်ပိုကတော့ အကူအညီတောင်းခံမှု ၆ ခုကို လက်ခံရရှိထားတယ်လို့ ပြောပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံဆီ သွားရောက်ပြီး ၂ လကနေ ၆ လအကြာ မြန်မာနိုင်ငံထဲက ကျား ဖြန့်ရာဇဝတ်ဂိုဏ်းတွေထဲ တရားမဝင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းလည်း သူက ဆိုပါတယ်။

မိသားစုဝင်တွေအနေနဲ့ အရင်ကလည်း လူဝင်မှုကြီးကြပ်ရေးဌာနဆီ အကူအညီတောင်းခံပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပေမဲ့လည်း နောက်ထပ်သတင်းတွေ မထွက်ပေါ်လာသေးဘူးလို့လည်း ပြောပါတယ်။

South China Morning Post သတင်းတပုဒ်မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေထဲ အဓမ္မလုပ်အားပေးခိုင်းစေခံရတဲ့ နိုင်ငံသား ၂၆ ဦးကို ကယ်တင်ပေးဖို့ တရုတ်အစိုးရဆီ ဟောင်ကောင်က အကူအညီတောင်းခံထားတဲ့အကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းမှာတင် ဖြစ်သွားခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ကနေ ပျောက်ဆုံးသွားခဲ့ပြီး မြန်မာဘက်က ကျားဖြန့်ဂိုဏ်းတခုကနေ ပြန်လည်လွတ်မြောက် လာခဲ့တဲ့ တရုတ်သရုပ်ဆောင်မင်းသား ဝန်ဇင်းရဲ့ သတင်းဟာ သတင်းမီဒီယာတွေပေါ် စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့ပါတယ်။

ဒီအမှုကိစ္စဟာ ဟိုးလေးတကြော်ဖြစ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသား ဖခင်တယောက်က ပျောက်ဆုံးနေတဲ့ သမီးဖြစ်သူအတွက် ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ရဲချုပ်ဆီ ကူညီရှာ ဖွေပေးဖို့ အကူအညီတောင်းခံခဲ့တာကိုလည်း တွေ့ရပါတယ်။

ဝူဝေဒေါင်အမည်ရတဲ့ ဖခင်ဖြစ်သူရဲ့ စာထဲမှာတော့ သမီးဖြစ်သူနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက အဆက်အသွယ်ပြတ်သွားခဲ့တာဖြစ်ပြီး သမီးဖြစ်သူဟာ မကြာသေးခင်က တရုတ်သရုပ်ဆောင် ဝန်ဇင်းအမှုကိစ္စလို လူကုန်ကူးသူတွေရဲ့ သားကောင်ဖြစ်မှာကို စိုးရိမ်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

သူ့ရဲ့ အဆိုအရ ကောလိပ်ဘွဲ့ရ သမီးဖြစ်သူ ကျားကျီဟာ ဆိုရှယ်မီဒီယာပေါ်ကတဆင့် သိတာ တလမပြည့်သေးတဲ့ တရုတ်သူငယ်ချင်းတယောက်နဲ့အတူ ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အစီအစဉ်တွေကို မိဘတွေကို ကြိုတင်အသိမပေးခဲ့ဘူးလို့ ဆိုပါတယ်။

ထိုင်းကိုရောက်ရှိပြီးနောက် မနက် ၄ နာရီဝန်းကျင်လောက်မှာ သူက မိခင်ဖြစ်သူကို WeChat အက်ပ်လီကေးရှင်းကနေတဆင့် ဆက်သွယ်ခဲ့ပြီး သူ့ရဲ့ တည်နေရာကို မျှဝေကာ ဒွန်မောင်းဧရိယာက ဟိုတယ်တခုမှာ တည်းခိုဖို့ စီစဉ်ထားတာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူက သူ့ကို မြန်မာနိုင်ငံကို မသွားသင့်ဘူးလို့ သတိပေးထားချိန်မှာ ကျားကျီက သူမတုံးပါဘူးလို့ ပြန်ဖြေခဲ့သလို မြန်မာနိုင်ငံကို မသွားရဲဘူးလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ညနေ ၄ နာရီလောက်မှာတော့ သူနဲ့ မိဘတွေ အဆက်အသွယ်ပြတ်သွားတဲ့ အတွက် ဖခင်ဖြစ်သူက ထိုင်းနိုင်ငံကို အင်္ဂါနေ့ လေယာဉ်နဲ့ လာရောက်ခဲ့ပြီး သုဝဏ္ဏ ဘူမိလေဆိပ် ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။

လုံခြုံရေး စီစီတီဗွီမှတ်တမ်းတွေအရ ကျားကျီကို အဖြူရောင် တိုယိုတာ အဲလ်ဖတ်ကား တစီးက သုဝဏ္ဏဘူမိလေဆိပ်မှာ လာခေါ်သွားပြီး ဒွန်မောင်းက ဟိုတယ်တခုကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ရဲတပ်ဖွဲ့က သူ့ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံဖို့ ဟိုတယ်က စီစီတီ ဗွီမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးနေပါတယ်။

Source: The Standard HK / SCMP/ The Nation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013