
ဥရောပနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းအတွက် ဘီလီယံနာသူဌေး အီလွန်မတ်စ်ခ်ကို စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်က ဇန်နဝါရီ ၈ ရက်မှာ တိုက်ခိုက်ပြောဆိုခဲ့ပြီး ဒီမိုကရေစီကို ထိခိုက်အောင်လုပ်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
“စပိန်မှာ နှစ်ပေါင်းများစွာ ဆန့်ကျင်နေတဲ့ နိုင်ငံတကာ လက်ယာစွန်းမူဝါဒကို ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်က ဦးဆောင်ပြီး ဒီဖြစ်ရပ်မှာ ကျနော်တို့အဖွဲ့အစည်းတွေကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်နေပါတယ်” လို့ ဆန်းချက်ဇ်က ပြောပါတယ်။
အမုန်းပွားအောင် လှုံ့ဆော်ပြီး ဂျာမနီမှာ နာဇီဝါဒရဲ့ အမွေဆက်ခံသူတွေကို ပြောင်ပြောင်တင်းတင်း ထောက်ခံနေပါတယ်လို့လည်း ဆန်းချက်ဇ်က မတ်စ်ခ်ကို တိုက်ရိုက် နာမည်မဖော်ဘဲနဲ့ ပြောခဲ့ပါတယ်။
ဆန်းချက်ဇ်ဟာ အာဏာရှင် ဖရန်စစ္စကို ဖရန်ကို ကွယ်လွန်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတခုအတွက် မက်ဒရစ်မှာပြောတဲ့ မိန့်ခွန်းအတွင်း ခုလိုပြောခဲ့တာပါ။
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ် လက်ထက်မှာ အစိုးရကို ချောမွေ့စေမယ့် ပြင်ပအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ဖို့ စီစဉ်ထားသူ မတ်စ်ခ်ဟာ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း ကာတာလိုးနီးယားဒေသထဲမှာ မုဒိမ်းမှုတွေကို အဓိကအားဖြင့် နိုင်ငံခြားသားတွေက ကျူးလွန်တဲ့အကြောင်း ဖော်ပြတဲ့ ဆောင်းပါးတပုဒ်နဲ့ ပတ်သက်ပြီး X လူမှုကွန်ရက်ပေါ်ကနေ မှတ်ချက်ပေးရင်း တနင်္ဂနွေနေ့မှာ စပိန်အရေးဆီ ဝင်ရောက်ခဲ့ပါတယ်။
ဆန်းချက်ဇ်က ဒီမိုကရေစီဟာ နုနယ်ပြီး ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတယ်လို့ ပြောခဲ့ပါတယ်။
Source : Reuters











