DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်ရောက် ကရင်နီစစ်ရှောင်လူငယ်များ အခက်အခဲကြားမှ ပညာသင်ယူနေရ
DVB
·
January 9, 2025
ထိုင်း-မြန်မာနယ်စပ်ရောက် ကရင်နီစစ်ရှောင်လူငယ်များ အခက်အခဲကြားမှ ပညာသင်ယူနေရ
Donate to DVB

ထိုင်း- မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီစစ်ဘေးရှောင်စခန်းတွေမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်လှစ်ပြီးတော့ စစ်ရှောင်လူငယ်တွေဟာ အခက်အခဲတွေကြားက ပညာသင်ကြားနေကြပါတယ်။

ကရင်နီပြည်နယ်က စစ်ရှောင် လူငယ်တွေဟာ စစ်ရှောင်စခန်းတွေအပြင် ထိုင်း-မြန်မာနယ်စပ်တွေကိုပါ  စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ပညာသင်ခွင့်ဆုံးရှုံးထားတဲ့ လူငယ်တွေကို ကရင်နီဒေသအတွင်းမှာလည်း စစ်ရှောင်စာသင်ကျောင်းတွေ ကောလိပ်တွေအထိ ဖွင့်ထားပေးတာတွေ ရှိသလို ထိုင်း-မြန်မာနယ်စပ်မှာလည်း ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေ ဖွင့်လှစ်ပေးထားကြပါတယ်။

လူငယ်တွေရဲ့ အနာဂတ်လှပအောင်၊ ဘဝ ရပ်တည်နေထိုင်နိုင်အောင်၊ လူမှုအသိုက်အဝန်းမှာ ပြန်လည်အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး အခုလို သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးတာလို့  Karenni social development center  ကျောင်းအုပ်က ပြောပါတယ်။

“လူငယ်တွေကို လူ့အခွင့်အရေးဘာသာရပ်နဲ့ ပတ်သက်တဲ့ အယူအဆတွေ၊ နည်းနာတွေကို သိသွားအောင် တတ်နိုင်သလောက် ပို့ချပေးတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အသိပညာ၊ အတတ်ပညာတွေကို မြှင့်တင်ပေးဖို့၊ ဒီမိုကရေစီလူ့အဖွဲ့အစည်းကို ထူထောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တရားဥပဒေစိုးမိုးမှုဆိုင်ရာ သဘောတရားတွေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လူငယ်တွေ သိသွားပြီးတော့ သူတို့ရဲ့ လူမှုအသိုက်အဝန်းမှာ ပြန်လည်အထောက်အကူပြုနိုင်ဖို့ ဒီဘာသာရပ်တွေကို ပို့ချတာဖြစ်တယ်။”

တဖက်မှာလည်း  ထိုင်း-မြန်မာနယ်စပ်မှာ ပညာသင်နေတဲ့ လူငယ်တွေဟာ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိတဲ့ အခြေအနေတွေနဲ့ဆက်လက်ပြီး တဆင့်တက် ပညာသင်ယူခွင့်တွေအပြင် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရပါတယ်။

ကရင်နီစစ်ဘေးရှောင်တယောက်က “သူတို့အာဏာသိမ်းမှုကြောင့် ကျမတို့ အများကြီး ဆုံးရှုံးရတယ်။ လူငယ်တယောက်အနေနဲ့ အာဏာမသိမ်းဘူးဆိုလို့ရင် ကျမတို့လည်း ဒီဘက် ရောက်လာစရာမရှိဘူး၊ ပြည်တွင်းမှာပဲ လွတ်လွတ်လပ်လပ် ကျမတို့ ပညာသင်ယူနိုင်ခွင့်ရှိတယ်။ အာဏာသိမ်းပြီး ဒီဘက်ရောက်လာတော့ သူများနိုင်ငံမှာ တရားဝင် အထောက်အထားမရှိဘဲ သွားနေရတော့ လုံခြုံမှုမရှိဘူး။ ကျောင်းတက်တဲ့ အခါမှာလည်း လုံခြုံမှုမရှိဘူး။ အပြင်မှာ လွတ်လွတ်လပ်လပ်သွားလာခွင့်မရှိဘူး။ စားဝတ်နေရေးလည်း ခက်ခဲတယ်၊ ဝင်ငွေလည်းမရှိဘူး။ ကျောင်းတက်နေရတယ်၊ အိမ်ငှားနေရတယ်၊ အဲလိုမျိုး အခက်အခဲတွေ ကြားထဲက ကျမရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ ရင်ဆိုင်နေရတာပေါ့” လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ထဲမှာတော့ ကရင်နီလူငယ်တွေအတွက် ဖွင့်လှစ်ပေးထားတဲ့ စာသင်ကျောင်းပေါင်း ၅ ကျောင်းထက်မနည်း ရှိနေပါတယ်။ စာသင်ကျောင်းအများစုကတော့ ဘာသာစကားသင်တန်းတွေအပြင် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေနဲ့ နိုင်ငံရေးဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားပေးနေကြတာဖြစ်ပါတယ်။

အဲဒီမှာ ပညာသင်ကြားနေကြတဲ့ ကရင်နီလူငယ်အများစုဟာ နောင်အနာဂတ်မှာ ကရင်နီပြည်ရဲ့ လိုအပ်နေတဲ့ နေရာကနေ တစိတ်တပိုင်း ကူညီပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ပညာဆက်လက် သင်ကြားနေတာလို့ ဆိုကြပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသနေရာအနှံ့အပြားမှာ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာပါ။ ဒါကြောင့် တပြည်နယ်လုံး အတိုင်းအတာနဲ့ စစ်ဘေးဒဏ်ကြောင့် ဒေသခံပြည်သူ ၃ သိန်းကျော်ဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013