
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ မန္တလေးတောင်ကို ဘုရားဖူးလာတဲ့ မော်တော်ယာဥ် ၁ စီးဟာ ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ချောက်ထဲထိုးကျခဲ့တာကြောင့် ယာဥ်မောင်းအပါအဝင် ကားပေါ်ပါတဲ့ ဘုရားဖူးခရီးသည်တွေ ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ လိုက်ထရပ်မော်တော်ယာဥ် ချောက်ထဲထိုးကျခဲ့တဲ့အတွက် ယာဥ်ပေါ်မှာလိုက်ပါလာတဲ့ ယာဥ်မောင်းအပါအဝင် ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
“ယာဥ်မောင်းအပါအဝင် ၁၇ ယောက် ဒဏ်ရာရပါတယ်။ သေဆုံးတဲ့သူတော့မရှိပါဘူး။ ဒဏ်ရာရတဲ့သူအားလုံးကို အပေါ်ရောက်အောင် ကယ်ထုတ်ပြီးပါပြီ။ ဒဏ်ရာရတဲ့သူတွေထဲက ၃ ယောက်က စိုးရိမ်ရတဲ့ အခြေအနေရှိနေလို့လည်း မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ပါပြီဗျ။ ကားကိုလည်း အပေါ်ရောက်အောင်ဆွဲတင်ဖို့ ဆောင်ရွက်နေကြပါတယ်” လို့ ကူညီကယ်ဆယ်ရေးတွေဆောင်ရွက်ပေးနေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တခုရဲ့တာဝန်ရှိသူက DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မန္တလေးတောင်ပေါ်မှာ စစ်သည်အင်အားအများအပြားနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လ တပ်စွဲပြီး နောက်ပိုင်းကတည်းက မန္တလေးတောင်ပေါ်ကို ဘုရားဖူး လာရောက်မှု နည်းပါးသွားတယ်လို့လည်း မန္တလေးမြို့ခံတွေဆီကနေ သိရပါတယ်။
Photos .... ပရဟိတအဖွဲ့ဝင်တဦး