DVB Logo
Home
နိုင်ငံတကာ
တရုတ်နိုင်ငံသားများကို အခကြေးငွေဖြင့် လုံခြုံရေးသင်တန်းပေးသည့်ကိစ္စ ထိုင်းအစိုးရ စုံစမ်းစစ်ဆေးနေ 
DVB
·
January 8, 2025
တရုတ်နိုင်ငံသားများကို အခကြေးငွေဖြင့် လုံခြုံရေးသင်တန်းပေးသည့်ကိစ္စ ထိုင်းအစိုးရ စုံစမ်းစစ်ဆေးနေ 
Donate to DVB

ထိုင်းနိုင်ငံမှာ တရုတ်နိုင်ငံသားတွေဆီကနေ အခကြေးငွေ ဘတ် ၃၈,၀၀၀ စီယူပြီး  လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုး‌‌ရေးဆိုင်ရာ ရက်တိုသင်တန်းဖွင့်လှစ်ခဲ့တာနဲ့ ပတ်သက်လို့ ရဲအရာရှိ ၂ ယောက်နဲ့ တာဝန်ရှိသူတွေကို လိုသလိုအရေးယူဖို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းက  တက္ကသိုလ်တခုမှာ တရုတ်နိုင်ငံသားတွေဆီ ကနေတယောက်ကို ဘတ် ၃၈၀၀၀ စီကောက်ခံပြီး လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာ ရက်တိုသင်တန်းဖွင့် လှစ်ခဲ့တာဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဝေါ်ကီတော်ကီအသုံးပြုနည်း၊ သေနတ်ပစ်နည်းတွေပါ သင်ကြားပြီး နယ်မြေထဲကွင်းဆင်းလေ့လာတာရှိတယ်၊   သင်တန်းကအောင်မြင်သူတွေဟာ ထိုင်း အမျိုးသား ရဲတပ်ဖွဲ့ တံဆိပ်ပါ အောင်လက်မှတ်၊ ရဲတံဆိပ်ပါ ဦးထုတ် တလုံး၊ တီရှပ် ၂ ထည် ၊ ဝေ့စ်ကုတ် တထည်၊ ရောင်ပြန်ပါအင်္ကျီ တထည်၊ လည်ဆွဲကတ်ပြားတခုစီရကြတယ်၊ နိုင်ငံခြားသားတွေ အနေနဲ့ အခုလို အရန်ရဲတပ်ဖွဲ့ဝင်အသွင် ဖြစ်ခွင့်ရှိပါသလား၊ သင်တန်းကို ဘယ်အဖွဲ့က တာဝန်ယူ ဖွင့်လှစ်သလဲ၊ ဘယ်ကရန်ပုံ‌ငွေနဲ့ဖွင့်သလဲ၊ သင်တန်းသားဆီကကောက်ခံတဲ့ငွေတွေ ဘယ်ဌာနရောက် သွားသလဲ စသဖြင့်  People Party ပြည်သူ့ပါတီလွှတ်တော်အမတ် ဆပ်စီနန်း ထမ်မာနိထီနန်းက  သူ့ရဲ့ လူမှုကွန်ရက်မှာ စတင်ရေးသားဖော်ထုတ်ခဲ့ပါတယ်။

အဆိုပါပို့စ်ဟာ ထိုင်းလူမှုကွန်ရက်မှာပျံ့နှံ့သွားပြီး ဝေဖန်မှုတွေလည်းမြင့်တက်လာပါတယ်။ သတင်းဌာနတွေရဲ့ စုံစမ်းဖော်ပြချက်အရ အဆိုပါသင်တန်းဟာ ဘန်ကောက် ထွန်းပူးရီးနယ်မြေ ဖားဆီကျရွန်းမြို့နယ်ရှိ ဆယာမ်တက္ကသိုလ်မှာ ၂၀၂၄ ဒီဇင်ဘာ ၂၅ မှ ၂၇ ရက်ထိ အမှန်တကယ်ဖွင့်လှစ်သင်ကြားခဲ့တယ်၊ သင်တန်းသူသင်တန်းသား စုစုပေါင်း ၂၇ ယောက်ရှိပြီး တရုတ်နိုင်ငံသား ၂၆ ယောက်၊ ထိုင်းနိုင်ငံသား တယောက်တက်ရောက်တယ်၊ အများစုက အဆိုပါတက္ကသိုလ်က တရုတ်ကျောင်းသားတွေဖြစ်တယ်၊ သင်တန်းမှာ အမှတ် ၃ နခွန်းဘန်နယ်မြေရဲတပ်ဖွဲ့ ရဲမှူးကြီးကလိန်းဆဒ် ချုန့်ဝုန်းက သင်တန်းနည်းပြဆောင်ရွက်ပြီး ရဲမှူး နိဝေ့ငမ်းရတ်က သင်တန်းဆင်းလက်မှတ်မှာ တာဝန်ခံလက်မှတ်ထိုးပေးတာလို့ ဆိုပါတယ်။ 

ဒီမတိုင်ခင် Tiktok လူမှုကွန်ရက်မှာလည်း ထိုင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုး‌ရေးဆိုင်ရာ သင်တန်းဖွင့်မယ်၊ သင်တန်းဆင်းပြီးရင် ရဲတပ်ဖွဲ့ စေတနာဝန်ထမ်းလက်မှတ်ရမယ်လို့ တရုတ်ဘာသာ စကားနဲ့ ကြော်ငြာတွေ ပျံ့နှံ့နေခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး  နခွန်းဘန်းနယ်မြေ ၃ ရဲတပ်ဖွဲ့ ရဲချုပ် ကစ်သီကွန်း ဆွန်ထိနိန်းက ထိုင်း ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေကြားမှာ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးသင်တန်းကို အလျည်းသင့် သလို သွားရောက်ပို့ချပေးတာမျိုးရှိတယ်၊ ဒါပေမဲ့ အခကြေးငွေယူတာ၊ ယူနီဖောင်းထုတ်ပေး တာမရှိဘူး၊ နိုင်ငံခြားသားတွေကို တာဝန်ဝတ္တရားပေးအပ်တာမရှိဘူး၊  အခုသင်တန်းမှာလည်း ရဲ တပ်ဖွဲ့အနေနဲ့ ဖွင့်လှစ်တာမဟုတ်သလို ခွင့်တောင်းလာတာလည်းမရှိဘူး၊ ဒါကြောင့် လိုအပ် သလိုအရေးယူဖို့  ကော်မတီတရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးနေတယ်၊ သင်တန်းသွားပေးတဲ့ ရဲအရာရှိ ၂ ယောက်ကိုလည်း  အမှုစစ်ဆဲကာလ တခြားနေရာကို ရွှေ့ပြောင်းထားတယ်လို့ ပြောသွားပါတယ်။ 

အလားတူ အဆင့်မြင့်ပညာရေးဝန်ကြီး နန်းဆုဖမတ် အီစလာဖတ်ဒီကလည်း အဆိုပါ သင်တန်းကိစ္စ စုံစမ်းစစ်ဆေးပြီးဖြစ်ကြောင်း၊ သင်တန်းဖွင့်တာကို ဆယမ်တက္ကသိုလ်ကို စာနဲ့တရားဝင် အကြောင်းကြားခြင်းမရှိ ၊  သင်တန်းကြေးငွေကိုလည်း တက္ကသိုလ်က တပြားတချပ် လက်ခံခြင်းမရှိခဲ့၊ အဲဒီသင်တန်းကို လီချန်းဆိုသူ တရုတ်ကျောင်းသားရေးရာတာဝန်ခံ တက္ကသိုလ်ဆရာတယောက်နဲ့ နိုင်းလီဆိုသူတရုတ်စီးပွါးရေးအသင်းတာဝန်ခံတို့က ပူးပေါင်း ဆောင်ရွက်တာသာဖြစ်တယ်၊  ဒါကြောင့် အဆိုပါကျောင်းဆရာနဲ့ တရုတ်အသင်းတာဝန်ခံတို့ကို ၂ ရက်အတွင်း အရေးယူသွားဖို့ ညွှန်ကြားထားကြောင်း သတင်းထောက်တွေကို မနေ့က ပြောသွားပါတယ်။

လူမှုကွန်ရက်မှာ တရုတ်ဘာသာနဲ့ သင်တန်းကြော်ငြာခဲ့တာနဲ့ပတ်သက်လို့ လီမင်လုန်ဆိုသူ ထိုင်ဝမ်နိုင်ငံသား တယောက်က ဘန်ကောက်ဖားဆီကျလွန်းနယ်မြေရဲတပ်ဖွဲ့မှာ လာပြီးအဖမ်း ခံခဲ့တယ်၊ သူဟာ  ထိုင်းဥပ‌ဒေကိုနားမလည်တာကြောင့် ခုလိုလုပ်ဆောင်ခဲ့တာလို့ ဝန်ခံထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

Source: Thairath / Matichon 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013