
စစ်ကောင်စီတပ်က ဒီဇင်ဘာလ လဆန်းပိုင်းကစပြီး မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် မန်းရွှေစက်တော်ဘုရားအနီးကို စစ်အင်အားတိုးချဲ့လာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ပြည်သူတွေ သွားလာခွင့်မပြုကြဖို့ မင်းဘူးခရိုင် အမှတ်-၆ တပ်ရင်းက ဒီဇင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ မန်းရွှေစက်တော်ဘုရားအနီးမှာ ကြိုတင်ခံစစ်ပြင်ဆင်တာ၊ ခရီးသွားပြည်သူ တွေကို ပေါ်တာဆွဲပြီး အတင်းအဓမ္မတပ်သားသစ်စုဆောင်းတာနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အခုလို အကြမ်းဖက်မှုတွေ ပြုလုပ်နေတာကြောင့် အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်ပြီး မင်းဘူးမြို့နယ်အတွင်းက ပုသိမ်-မုံရွာလမ်းပိုင်း၊ လက်ပံတော-အိုင်းမ-ကိုင်းမကြီးလမ်းမပိုင်းကို လမ်းသွားလမ်းလာ မပြုလုပ်ကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ မန်းရွှေစက်တော်ဘုရားအနီးက ကျေးရွာတွေဖြစ်တဲ့ ပုဒေါင်းရွာ၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ကိုင်းမကြီးရွာ၊ တင်ပြင်ခွေရွာ၊ အိုးပြင်မဲရွာ၊ အိုင်းမရွာ၊ လက်ပံတောရွာ၊ မဲချောင်ရွာ၊ ကသက်ရွာ နဲ့ ဘုရားရွာတွေမှာ စစ်ကြောင်းထိုးဝင်ရောက်မှုတွေရှိနေပါတယ်။
အခုလို စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အဲဒီကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ပြည်သူပိုင်ပစ္စည်းတွေကို လုယက်တာ၊ ဖမ်းဆီးတာ၊ လူသားဒိုင်းကာအဖြစ် အသုံးချတာ၊ မိုင်းကွင်းဖြတ်ခိုင်းတာနဲ့ မိုင်းထောင်တာတွေကို ပြုလုပ်လာနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Kay khaing











