
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အသံထက်မြန်တဲ့ ဘယ်လစ်စတစ်ဒုံးကျည်အသစ် စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပါတယ်။
ဒီဒုံးကျည်ဟာ အလယ်အလတ် အကွာအဝေးကို ပစ်လွှတ်နိုင်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်ဖြစ်ကာ စမ်းသပ်မှု အောင်မြင်ခဲ့ပါတယ်။
နိုင်ငံပိုင်မီဒီယာ KCNA က မြောက်ကိုရီးယားနိုင်ငံဟာ နျူးကလီးယားနဲ့ ဒုံးကျည်ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ဖို့ ကတိပြုထားတယ်လို့ ဖော်ပြပါတယ်။
ဒီဒုံးကျည်ဟာ နိုဝင်ဘာ ၅ ရက်က အမေရိကန်နိုင်ငံခြာရေးဝန်ကြီး ဘလင်ကန် တောင်ကိုရီးယားကို လာရောက်ပြီးနောက် မြောက်ကိုရီးယားက ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်မှု ဖြစ်ပါတယ်။
အဲဒီတုန်းက ဘလင်ကန်ဟာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ၃ နိုင်ငံ ပူးပေါင်းပြီး မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့ ကတိပြုခဲ့ဖူးပါတယ်။
ဒီဒုံးကျည်ဟာ ပြုံယမ်းရဲ့ ဆင်ခြေဖုံးနေရာကနေ ပစ်လွှတ်တာဖြစ်ပြီး အသံထက် ၁၂ ဆ ပိုမြန်ကာ ၉၃၂ မိုင် ပျံသန်းနိုင်ခဲ့ပြီး အမြင့် ၁၀၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ပါတယ်။
ဒုတိယအကြိမ် အမြင့်ပျံသန်းနိုင်ပြီး ဆင်းသက်ချိန်မှာလည်း ၄၂ ဒသမ ၅ ကီလိုမီတာနဲ့ အရှေ့ဘက်ကမ်းခြေမှာရှိတဲ့ ပစ်မှတ်ကို တိတိကျကျ ထိမှန်အောင် ပစ်နိုင်ခဲ့တယ်လို့ KCNA က ပြောပါတယ်။
KCNA ရဲ့ ဖော်ပြမှုက ချဲ့ကားပြီး ဖော်ပြတာလို့ တောင်ကိုရီးယားစစ်တပ်က ပြောထားပြီး ကီလိုမီတာ ၁,၁၀၀ ဝန်းကျင်သာ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဒုတိယအကြိမ် အမြင့်ပျံနိုင်မှုလည်း မရှိကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ဒုတိယအကြိမ် အမြင့်ပျံမှုက ဒုံးကျည်ရဲ့လမ်းကြောင်းကို ပြောင်းလဲနိုင်ပြီး ဘယ်လစ်စတစ် ဒုံးကျည်တွေရဲ့ လမ်းကြောင်းကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။
ဒုံးကျည်တွေရဲ့ အင်ဂျင်အပိုင်းမှာ ကာဘွန်ဖိုင်ဘာတွေကို အသုံးပြုတယ်လို့ KCNA က ဆိုပါတယ်။
ကာဘွန်ဖိုင်ဘာတွေဟာ အခြား လေကြောင်းသုံး ပစ္စည်းတွေထက် ပေါ့ပါးပြီး မာကျောတာပေမဲ့ ထုတ်လုပ်မှု ခက်ခဲတယ်လို့လည်း KCNA က ပြောပါတယ်။
ဒီဒုံးကျည်အသစ်ဟာ ဘယ်လိုကာကွယ်ရေးစနစ်ကိုမဆို ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိပြီး ရန်သူတွေကို ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်စေမယ်လို့ KCNA ရဲ့ ဖော်ပြမှုမှာ ပါဝင်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှု အပါအဝင် ရုရှားနဲ့ပူးပေါင်းပြီး အာကာသနဲ့ ဂြိုဟ်တုနည်းပညာ ပူးပေါင်းဆောင်ရွက်မှုတို့ကို အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ရှုတ်ချထားပါတယ်။
Source : Reuters