DVB Logo
Home
မြန်မာသတင်း
၂၀၂၄ ခုနှစ်အတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် ၇၀ ကျော် ထပ်တိုးဖွင့်လှစ်
DVB
·
January 7, 2025
၂၀၂၄ ခုနှစ်အတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် ၇၀ ကျော် ထပ်တိုးဖွင့်လှစ်
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် ၇၀ ကျော် ထပ်တိုးဖွင့်လှစ် လုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းအထိ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၁၀ ရှိကာ အဲဒီနှစ်အတွင်း အေဂျင်စီအသစ် ၇၃ ခု တိုးလာတာဖြစ်ပါတယ်။

အဲဒီလို အေဂျင်စီအသစ်တွေ တိုးလာပေမဲ့ ပြည်ပအလုပ်အကိုင်စျေးကွက်ကတော့ ပိုကောင်းလာတာ မရှိဘူးလို့ လုပ်သက်ရင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်အချို့က ဆိုပါတယ်။

အေဂျင်စီလုပ်ငန်းရှင်တယောက်က “တခြားနယ်ပယ်ကနေ ကူးလာကြတဲ့သူတွေ များတယ်။ အေဂျင်စီတွေ များလာလို့လည်း ပြည်ပကို အလုပ်သမားတွေ ပိုပို့ရတယ်ဆိုတာ မရှိဘူး။ စျေးကွက်က ထင်သလောက် ကောင်းမနေဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်အတွင်း ပြည်ပကို လုပ်သားစေလွှတ်ခွင့်တွေနဲ့ ပတ်သက်လို့ ကန့်သတ်မှုတွေ ရှိခဲ့တာကြောင့် အေဂျင်စီတွေအနေနဲ့ အလုပ်သမားစေလွှတ်ဖို့ အခက်အခဲတွေ ရှိလာခဲ့တယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ နယ်ကိုယ်စားလှယ်တယောက်က “ယောကျ်ားလေးတွေကို ပြည်ပထွက်လုပ်ခွင့် အသက်ကန့်သတ်လိုက်တာ ပိုဆိုးတယ်။ ကန့်သတ်အသက်အရွယ်က တဖက်ကလိုချင်တဲ့ အရွယ်အစားမျိုး၊ လုပ်နိုင်ကိုင်နိုင် အားအကောင်းဆုံးအရွယ် ဖြစ်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက အသက် ၂၃ ကနေ ၃၂ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် မပေးတော့သလို ဒီနှစ်ထဲမှာ ကျွမ်းကျင်လုပ်သားတွေကိုပဲ စေလွှတ်ခွင့်ပေးတော့မယ်ဆိုပြီး သတင်းထွက်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ပြည်ပကိုသွားရောက်မယ့် အလုပ်သမားတွေ မိသားစုဆီ ငွေတရားဝင်လွှဲပို့ဖို့ ဖိအားပေးတာရှိသလို အေဂျင်စီတွေက အလုပ်သမားငွေလွှဲပို့စေရေး တာဝန်ယူဖို့ အကျပ်ကိုင်တာတွေလည်း ရှိပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ တရှိန်ထိုးမြင့်တက်လာပေမဲ့ ပြည်ပနိုင်ငံတွေက အလုပ်သမားကို အကန့်အသတ်နဲ့ ခေါ်နေတာကြောင့် ရှိပြီးသားစျေးကွက်အပြင် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း စတဲ့နိုင်ငံတွေဆီပါ လုပ်သားစေလွှတ်ဖို့ စျေးကွက်ချဲ့လာရတဲ့အထိ ဖြစ်လာတယ်လို့ အေဂျင်စီအသိုက်အဝန်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ နီးပါးသာရှိခဲ့ပြီး အခုဆို နှစ်ဆကျော်တိုးလာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013