
တနင်္သာရီတိုင်း၊ တနင်္သာရီ-မောတောင် လမ်းပိုင်းမှာ စစ်ရေးပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာတာတွေ မပြုလုပ်ဖို့ KNLAလက်အောက်ခံ BLACK COBRA column က ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန် ပါတယ်။
တနင်္သာရီ-မောတောင် လမ်းတလျှောက်ရှိ ရေဖြူရွာကနေ သဲဖြူရွာကို ယာဥ်သွားလာခွင့် ကန့်သတ်ထားပြီး သဲဖြူရွာမှ မောတောမြို့ကို ဒေသခံမှအပ ပြင်ပခရီးသွားတွေ ဖြတ်သန်းခွင့် မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
BLACK COBRA column ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက “လောလောဆယ် နေ့စဉ် တိုက်ပွဲတွေ ရှိနေတာမို့ ပြည်သူလူထုအနေနဲ့ ထုတ်ပြန်ချက်အထဲက အတိုင်းပဲ လိုက်နာပေးဖို့နဲ့ ဖြတ်သန်းသွားလာဖို့ အန္တရာယ်ကင်းတဲ့ အနေအထား ရောက်ရင်လည်း အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးပါ့မယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ဒုတိယပတ်လောက်ကစပြီး တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
BLACK COBRA Column စစ်ကြောင်းမှာ ကရင်အမျိုးသားလွတ်မြောက်တပ်မတော် (KNLA) က ဦးဆောင်ပြီးတော့ KNLA တပ်ရင်း ၁၁၊ KTLA ထီးဆဲ့မယ်ယွာတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး တနင်္သာရီ-မောတောင်လမ်းရှိ သိန်းခွန်းနဲ့ ချောင်းနှစ်ပေါက်ရွာ အပါအဝင် တခြားကျေးရွာက အရပ်သား ၁,၂၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့နေရာလည်း ဖြစ်ပါတယ်။











