DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ဒေသထွက်သီးနှံများ စျေးကောင်းရနေ
DVB
·
January 4, 2025
ရခိုင်တွင် ဒေသထွက်သီးနှံများ စျေးကောင်းရနေ
Donate to DVB

ရခိုင်ပြည်နယ်မှာ ဒေသထွက်သီးနှံတွေဟာ အခုနှစ်အတွင်း စျေးကောင်းရရှိနေတယ်လို့ သီးနှံစိုက်ပျိုးတဲ့သူတွေက ပြောကြပါတယ်။

ဒေသထွက်သီးနှံတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းကဆိုရင် စျေးနှိမ်ခံရမှုတွေရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်း စိုက်ပျိုးရရှိတဲ့ သီးနှံတွေကတော့ စျေးကောင်းရရှိနေတာလို့ သီးနှံစိုက်ပျိုးသူ ဒေသခံတယောက်က ပြောပါတယ်။

"ဒီနှစ်တော့ ဟင်းသီးဟင်းရွက်၊ အသီးနှံတွေက နည်းနည်းစျေးကောင်းရတယ်လို့ ပြောလို့ရတယ်။ အရင်နှစ်တွေကဆို ပေါပေါပဲပဲနဲ့ ရောင်းလိုက်ရတာချည်းပဲ။ ရောင်းမထွက်ဘဲ ပစ်လိုက်ရတာတွေတောင်ရှိတယ်။ ဒီနှစ်တော့ ပြည်မဘက်က ဟင်းသီးဟင်းရွက်တွေမလာတော့ ဒေသထွက်ကပဲ အဓိကဖြစ်နေတာပေါ့။” 

ရခိုင်မှာ ဒုတိယအကြိမ်မြောက် တကျော့ပြန် တိုက်ပွဲမစတင်မီ အချိန်ကဆိုရင် ပြည်မကတင်သွင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိကအားထားနေရတာဖြစ်ပြီး သိန်းရာဂဏန်းတန်ဖိုးရှိ ဟင်းသီး ဟင်းရွက်တွေဟာ ပြည်မကနေ ရခိုင်ဘက်ကို နေ့စဉ်တင်ပို့နေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေသတွင်းနှစ်ဖက်တိုက်ပွဲတွေကြောင့် လမ်းကြောင်းတွေပိတ်ဆို့ခံရပြီးနောက်မှာ ပြည်မဘက်က ပို့ကုန်တွေရပ်တန့်ခဲ့ရပြီး ဒေသထွက်တွေဟာ စျေးကွက်မှာ အဓိကနေရာယူလာပြီး စျေးကောင်းရလာခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဒေသသီးနှံတွေရဲ့ စျေးကတော့ ပြီးခဲ့တဲ့နှစ်တွေက တပိဿာကို ကျပ် ၂၅၀၀ လောက်ပဲရှိခဲ့တဲ့ ငရုတ်ဟာ လက်ရှိ ကျပ် ၁၀၀၀၀၊ ကျပ် ၅၀ဝ လောက်သာရခဲ့တဲ့ ဂေါ်ဖီပွင့်တပွင့်ကို လက်ရှိ ၁၅၀၀ ကျပ်၊ ကျပ် ၂၀ဝ၀ ကျော်လောက်ရခဲ့တဲ့ ဘူးသီး ၁ လုံးကို လက်ရှိ ကျပ် ၅၀ဝ၀ ကျော်၊ တဖူး ကျပ် ၂၀ဝ ကျော်သာရှိခဲ့တဲ့ ပြောင်းဖူးဟာ လက်ရှိ ကျပ် ၁၀၀၀ ခန့်၊ ကျပ် ၅၀၀ ခန့်ရှိ သခွားသီးတလုံးကို လက်ရှိ ကျပ် ၂၀ဝ၀ ကျော် စသဖြင့်အသီးသီးစျေးရှိနေတာဖြစ်ပါတယ်။

ဒေသထွက်သီးနှံတွေဟာ ခုနှစ်ပိုင်းထဲ ခုလိုစျေးကောင်းရလာပေမဲ့ စိုက်ပျိုးစရိတ် ကြီးမားနေသေးတာကြောင့်  အမြတ်အစွန်း မများဘူးလို့ ပြောင်းစိုက်တောင်သူတယောက်က ပြောပါတယ်။

"ပြောင်းကတော့ ဒီနှစ်စျေးတော်တော်ကောင်းပါတယ်။ စျေးကောင်းသလိုပဲ ကုန်ကျစရိတ်ကလည်း ကောင်းကောင်းကြီးကို အကုန်ကျခံလိုက်ရတယ်။ ပြောင်းမျိုးစေ့စျေးက အရင်နှစ်ထက် ၃ ဆလောက် မြင့်သွားတယ်။ ပိုးသတ်ဆေး၊ မြေဆီအကုန်စျေးကြီးတယ်။ ဒီကြားထဲ ပြောင်းခင်းလေးများ ပျက်စီးသွားလို့ကတော့ စျေးကောင်းတာက အလကားဖြစ်သွားပြီး အရှုံးပေါ်ကြတာပဲ။” 

ရခိုင်မှာ ဟင်းသီးဟင်းရွက်နဲ့ သီးနှံတွေကို ဆောင်းရာသီမှာသာ အဓိကစိုက်ပျိုးကြတာဖြစ်ပြီး အခုနှစ်ပိုင်းထဲမှာတော့ ရာသီမရွေး စိုက်ပျိုးတာတွေလုပ်လာကြပေမဲ့ ဆောင်းတွင်းမှာလို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးတာမျိုးတွေတော့ ရှိမလာသေးဘူးလို့ သီးနှံစိုက်ပျိုးတဲ့ တောင်သူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013