
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး ဇန်နဝါရီ ၁ ရက်မှာ ကယန်းအမျိုးသားတပ်မတော် (KNA) က တပ်ခွဲမှူး ခွန်လှမိုး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
KNA တပ်ရင်း အမှတ် ၂၁၀၄ က တပ်ခွဲမှူး ခွန်လှမိုးက ဇန်နဝါရီ ၁ ရက်မှာ ကျဆုံးခဲ့ရပြီး ၂ ရက်နေ့မှာ ဈာပနပြုလုပ်ပေးခဲ့တယ်လို့ KNA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
“၁ ရက်နေ့ နေ့လယ်မှာဖြစ်တာ၊ ဆေးကုသချိန်လည်း မရလိုက်ဘူးပေါ့နော်။ ကျဆုံးသွားသူက တပ်ရင်းမှာ အရမ်းအားကိုးရတဲ့ စစ်ကြောင်းမှူးတယောက်လည်း ဖြစ်တယ်၊ ခွဲမှူးလည်းဖြစ်တယ်။ အင်မတန်မှ ယူကြုံးမရတဲ့ ဆုံးရှုံးမှု ဖြစ်တာပေါ့နော်။”
ဖက်ဒရယ်ဒီမိုကရေစီနဲ့ ကယန်းလူမျိုးတွေအတွက် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ တပ်ခွဲမှူး ခွန်လှမိုးကို ကယန်းအမျိုးသားတပ်မတော် (KNA) က အလေးနက်ထား ဦးညွှတ်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ခမရ ၄၂၂ ထဲကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပြီး အရေအတွက် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေးအခြေအနေ တင်းမာနေပြီး ထိတွေ့မှု မကြာခဏဖြစ်ပွားနေကာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ သိရပါတယ်။