
ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို ဖမ်းဆီးဖို့ ဝရမ်းကို အကောင်အထည်ဖော်ဖို့ လာရောက်တဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ သမ္မတရဲ့ လုံခြုံရေးအဖွဲ့တွေ ထိပ်တိုက်တွေ့ နေကြတယ်လို့ ကိုရီးယားယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။
ရာထူးကြီးပုဂ္ဂိုလ်များ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံး (CIO) က စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ယွန်းကို ထိန်းသိမ်းဖို့ ဝရမ်းနဲ့ အဆောက်အအုံကို ရှာဖွေဖို့ ဝရမ်းကို ထုတ်ပြန်ခဲ့ပေမဲ့ သမ္မတလုံခြုံရေးအဖွဲ့ (PSS) အကြီးအကဲ ပတ်ချွန်ဂျွန်းက လုံခြုံရေး အကြောင်းပြချက်နဲ့ ငြင်းပယ်ထားတာလို့ သိရပါတယ်။
ပထမအတားအဆီးနဲ့ ဒုတိယအတားအဆီးကို ကျော်ပြီး ခြံဝင်းထဲအထိ ပေးဝင်ပေမဲ့ အဆောက်အဆုံရှေ့မှာ CIO က ဥပဒေအရာရှိတွေ၊ စုံစမ်းရေးမှူးတွေနဲ့ PSS အဖွဲ့ ထိပ်တိုက်တိုးနေတယ်လို့ ရဲအရာရှိတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးကြေညာခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ ယွန်းကို ပုန်ကန်မှုနဲ့ အာဏာအလွဲသုံးစားမှု စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးဖို့ ဖမ်းဝရမ်းကို CIO အနေနဲ့ တနင်္လာနေ့မတိုင်မီ အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။
သမ္မတယွန်းအပေါ် ထောက်ခံသူ ထောင်နဲ့ချီ နေအိမ်ဝင်းပြင်ပမှာ စုရုံးနေကြပြီး ယွန်းကို မဖမ်းဖို့ တားဆီးနေကြပါတယ်။ တချို့တွေကို ရဲတပ်ဖွဲ့က အတင်းအကျပ် ဆွဲထုတ်ဖယ်ရှားခဲ့ရပါတယ်။
စနေ၊ တနင်္ဂနွေမှ ဖမ်းမယ်ဆိုရင် လူအုပ်က ပိုများလာနိုင်သလို တနင်္လာဆိုရင်လည်း အရမ်းအချိန်ကပ်သွားမှာ ဖြစ်တဲ့အတွက် ဒီနေ့ရအောင်ဖမ်းမယ်လို့ ယူဆရပါတယ်။
CIO က လူ ၃၀၊ ရဲ ၁၂၀ နဲ့ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
စွပ်စွဲချက်တွေကို လာရောက်ဖြေရှင်းဖို့ သမ္မတယွန်းကို သုံးကြိမ်တိုင် ဆင့်ခေါ်ပေမဲ့ မလာရောက်ခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်တာ ဖြစ်ပါတယ်။
ဖမ်းဆီးပြီးရင် ၄၈ နာရီအတွင်း စစ်မေးကာ အမှုတည်ဆောက်ပြီး နောက်ထပ်ဖမ်းဝရမ်းတောင်းရင် တောင်း၊ မတောင်းရင် ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။
သမ္မတယွန်းရဲ့ ဥပဒေအဖွဲ့ကတော့ အခုလုပ်ရပ်ဟာ တရားမဝင်ဘဲ ဝရမ်းအကောင်အထည်မဖော်အောင်လို့ ကြားဖြတ်အမိန့်တောင်းခံသွားမယ်လို့ ကြေညာထားပါတယ်။
Source : Reuters











